ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ စစ်တပ်နှင့်စစ်ကောင်စီကို ဟန့်တားနှောင့်ယှက်မှုတို့ဖြင့် စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီး(ဟောင်း) ဦးရဲထွဋ်ကို ပုဒ်မ ၁၂၄(ဃ) အရ ထောင်ဒဏ် ၇ နှစ် နှင့် ပုဒ်မ ၅၀၅(က)အရ ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ၁၀ နှစ် ချမှတ်လိုက်ကြောင်း သိရှိရသည်။
ပုဒ်မ ၁၂၄- ဃသည် တပ်မတော်သားများသို့မဟုတ် အစိုးရအမှုထမ်းများကို ဟန့်တားခြင်း သို့မဟုတ် နှောက်ယှက်ခြင်းဖြစ်ပြီး ပုဒ်မ ၁၂၄-ဃ တွင် မည်သူမဆိုတပ်မတော်သားများ၊ သို့တည်းမဟုတ် အစိုးရအရာထမ်းအမှုထမ်း များအား ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကျေပြွန်စွာမထမ်းဆောင်စေရန် တစ်နည်းနည်းဖြင့် ဟန့်တားခြင်း သို့တည်းမဟုတ် နှောက်ယှက်ခြင်းကိုပြုလျှင် ထိုသူကို ခုနစ်နှစ်ထိထောင် ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ပုဒ်မ ၅၀၅ (က) သည် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြစ်ပြီး အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။
အောက်တိုဘာလ ၂၈ရက် နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် အလုံရဲစခန်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်က ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၏ လူမှုကွန်ရက် ရေးသားချက်များသည် ပြည်သူလူထုထိတ်လန့်စေရန် ကြံရွယ်ပြီး မမှန်သတင်းများဖြန့်ဝေခြင်း၊ အစိုးရ ဝန်ထမ်းများပြစ်မှုကျူးလွန်လာစေရန်ရည်ရွယ်လှုံ့ဆော်စေသည်ဟုဆိုကာ အမှုဖွင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။