ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာမှာ အရပ်သားနှစ်ဦးကို သူတို့ရဲ့ နေအိမ်တွေကနေ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ လှည်းကုန်း – ၁ ရပ်ကွက်က အသက် ၂၇ ဝန်းကျင် ကိုအောင် ခက်နဲ့ လှည်းကုန်း- ၂ ရပ်ကွက်က အသက် ၃၀ ဝန်းကျင်အရွယ် ကိုပိုင်ပိုင်တို့ ဖြစ်ပါတယ်။ သူတို့နေအိမ်တွေကို မနေ့ညသန်းခေါင်အချိန်လောက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
အဖမ်းခံရသူအမျိုးသားနှစ်ဦးစလုံးဟာ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသူတွေဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
“ဘာလို့ဖမ်းလဲတော့မသိဘူး။ တော်လှန်ရေးနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့သူတွေတော့မဟုတ်ဘူး။” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
ဖမ်းဆီးခံရသူနှစ်ဦးစလုံးကို မောရဝတီရေတပ်စခန်းဌာနချုပ်မှာဖမ်းဆီးထားတယ်လို့သိရပြီး နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ကံပေါက်ဒေသ၊ မြသီတာရပ်ကွက်က အမျိုးသားသုံးဦးကို သူတို့နေအိမ်တွေထဲ စစ်ကောင်စီတပ်က ဝင်ဖမ်းခဲ့ပါတယ်။