ရခိုင်ပြည် ပေါက်တောမြို့ကို အာဏာသိမ်း စစ်ကောင်စီတပ် (မြန်မာစစ်တပ်) မှ ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်က ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲခဲ့ကြောင်း မျက်မြင်ဒေသခံများက ပြောသည်။
ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၃ လုံးထက်မနည်း ကြဲခဲ့ပြီးသည်နှင့် တစ်ဆက်တည်းတွင် စစ်ရဟတ်ယာဉ်ဖြင့် ဆက်လက်၍ ပေါက်တောမြို့ကို အဆက်မပြတ် ပစ်ခတ်နေကြောင်း မျက်မြင်ဒေသခံတစ်ဦးကပြောသည်။
“ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတာ မြို့ထဲက ရပ်ကွက် ၄ မှာ တစ်လုံးကျတယ်။ မြို့ပြင်မှာ တစ်လုံးကျတယ်။ နောက်အလုံးတွေလည်း မြို့ထဲမှာ ကျတယ်။ မြို့က အခု မီးလောင်နေပါတယ်။ မနေ့ကတော့ မြို့ထဲမှ နှစ်ဖက်တိုက်ပွဲရှိခဲ့တယ်လို့ သိရတယ်။ ဒီနေ့ မနက်အထိ နှစ်ဖက်တိုက်ပွဲက မရှိဘူး။ မြို့ထဲမှာ AA ရှိတယ်ထင်ပြီး ဒီအတိုင်း ဗုံးကြဲခဲ့တာ။ စစ်ကောင်စီက ပေါက်တောမြို့ ပြာကျအောင် ရည်ရွယ်ချက် ရှိရှိ လုပ်နေတာဖြစ်တယ်” ဟု ပြောသည်။
ပေါက်တောမြို့ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရှင်းလင်းရန်နှင့် လူသားဒိုင်းကာ အသုံးပြုခံနေရသည့် ပိတ်မိနေသည့် အရပ်သားများကို ကယ်ထုတ်နိုင်ရန် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်နေကြောင်း သိရသည်။
စစ်ကောင်စီက ပေါက်တောမြို့ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲနေသည်မှာ ၄ ကြိမ်တိုင်တိုင်ရှိနေပြီး ဗုံး ၁၅ လုံးထက်မနည်း ကြဲခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များ၏ စုစည်းချက်အရ သိရသည်။
ယင်းအပြင် ပေါက်တောမြို့အနီး မြစ်တွင် သွားလာနေသည့် နေဗီ ၃ စီးထက်မနည်းကလည်း နှစ်ဖက်တိုက်ပွဲရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လက်နက်ကြီးများဖြင့် နိုဝင်ဘာလ ၁၃ ရက်နေ့ကစ၍ အဆက်မပြတ် ဦးတည်ပစ်ခတ်နေကြောင်းနှင့် စစ်တွေမြို့ကလည်း လက်နက်ကြီးများ ပစ်ကူပေးနေကြောင်း သိရသည်။
စစ်ကောင်စီ၏ လက်နက်ကြီးများနှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပေါက်တောမြို့တွင် လူနေအိမ်အများအပြား မီးလောင်ဆုံးရှုံးမှုနှင့် မြို့မဈေးမှာ မီးလောင်ပြာကျသွားပြီဟု AA ၏ ထုတ်ပြန်ချက်အရ သိရသည်။