ရန်ကုန်မြို့အင်းစိန်မြို့နယ်ရှိ စစ်ကောင်စီတပ်ပိုင် ဦးပိုင်ကုန်ကားဝင်းအား ယမန်နေ့ညက (၄၀)မမ ဗုံးသီး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Urban Special Operation (USO)က အသိပေးထုတ်ပြန်သည်။
ည ၇နာရီ မိနစ်၄၀တွင် အင်းစိန်မြို့နယ် သီရိမင်္ဂလာလမ်း (ဂျပန်လမ်း) ပေါ်ရှိ စစ်ကောင်စီ၏ ထောက်တိုင်ဖြစ်သော ဦးပိုင်ကုန်ကားဝင်းအား မြို့ပြအထူးစစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။
“၇ နာရီခွဲကျော်လောက် အင်းစိန် ဂျပန်လမ်းဘက်မှာ ဗုံးပေါက်သံ နှစ်ချက်ကြားလိုက်ရတယ်။ အသံကတော့ တော်တော်ကျယ်တယ်။ ဦးပိုင်ကားဝန်းထဲမှာ ပေါက်တာလို့တော့ ကြားတယ်။ ထိခိုက်မှု ရှိ မရှိတော့ သေချာမသိရသေးဘူး” ဟု အင်းစိန်မြို့နယ်နေပြည်သူတစ်ဦးက ပြောသည်။
ယင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အင်းစိန်မြို့နယ် သီရိမင်္ဂလာလမ်း (ဂျပန်လမ်း)၊ အောက်မင်္ဂလာဒုံလမ်းနှင့် ပြည်လမ်းမတို့တွင် စစ်ကောင်စီဝင်များက လမ်းများပိတ်ဆို့၍ စစ်ဆေးနေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။
ယခုအချိန်မှစ၍ မြို့ပြစစ်ဆင်ရေး အခြေစိုက်မြို့များတွင် တော်လှန်ရေးသင်္ကေတတစ်ခုဖြစ်သည့် အနက်ရောင်အလံအား စတင်လွှင့်ထူပြီ ဖြစ်ကြောင်း ပြည်သူများအား USO အဖွဲ့က အသိပေးခဲ့သည်။
ထို့အပြင် ပြည်သူများအား မတရားမှုများ ပြုလုပ်ရန် ကြံဆောင်နေသော စစ်ကောင်စီ၏ စီးပွားရေးပိုင်ဆိုင်မှုများအပြင် ပတ်သက်ဆက်နွယ်သူများ၊ ပတ်သက်ဆက်နွယ်မှုများကို စစ်ရေးပစ်မှတ်အဖြစ် စစ်ဆင်ရေးအား ဆက်လက်ဖော်ဆောင်သွားမည် ဖြစ်ကြောင်းလည်း USO အဖွဲ့က ဖော်ပြခဲ့သည်။