၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာ အရပ်သားပြည်သူ (၄၀၇,၈၃၈) ဦး စစ်ဘေးရှောင်ကြရပြီး အဲဒီပြည်သူတွေအတွက် အောက်တိုဘာလ ၂၇ ရက်နေ့ကနေ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ငွေကျပ်စုစုပေါင်း (၂၁၈.၇၃) သန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန က ထောက်ပံ့နိုင်ခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက တိုက်ပွဲဖြစ်ပွားရာ ဒေသတွေက စစ်ဘေးရှောင်အရပ်သား ပြည်သူတွေရဲ့ လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်တွေကို တတ်အားသရွေ့ မျှဝေထောက်ပံ့ပေးရာ မီဇိုရမ်ဒေသကို စစ်ဘေးရှောင်ကြရတဲ့ ပြည်သူတွေ အပါအဝင် ပြည်နယ်နဲ့ တိုင်း (၁၃) ခုက စစ်ဘေးရှောင် ပြည်သူတွေကို ထောက်ပံ့ကူညီမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား မဟာမိတ်တပ်ဖွဲ့တွေက“၁၀၂၇ စစ်ဆင်ရေး” နဲ့အတူ နေရာဒေသအနှံ့အပြားမှာ စခန်းသိမ်းတိုက်ပွဲတွေနဲ့မြို့သိမ်းတိုက်ပွဲတွေကို ဆင်နွှဲနေပြီး နယ်မြေစိုးမိုးမှုတွေ ဆက်တိုက် ရရှိနေတာဖြစ်ပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း မြန်မာတပြည်လုံးမှာ စစ်ရေးအရှိန်မြှင့်တင်လာတာနဲ့အမျှ ပြည်သူလူထုအနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးနိုင်ရေးအတွက် လိုအပ်တဲ့ လေကြောင်းရန်နဲ့ လက်နက်ကြီးရန် အသိပညာဖြန့်ဖြူးခြင်း၊ ဗုံးခိုကျင်း၊ ကတုတ်ကျင်းတွေကြိုတင်ပြင်ဆင်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခန်းတွေဆောင်ရွက်ခြင်း၊ အိမ်ထောင်စုအလိုက် ကြိုတင်ပြင်ဆင်ခြင်းတွေကို ပြုလုပ်ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် မြန်မာပြည်သူလူထု တစ်ရပ်လုံး နိုးကြားသတိနဲ့ တစ်ဦးချင်း၊ မိသားစု၊ ရပ်ရွာကို ထိခိုက်မှုနည်းအောင် အကာအကွယ်ပေးခြင်းနဲ့နွေဦးတော်လှန်ရေးကြီးမှာ ပါဝင်ကြဖို့ အလေးအနက်ထား တိုက်တွန်းတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။