ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသမိန်ရွာအနီး စစ်တောင်းမြစ်အတွင်း ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီဘက်က ကန့်သတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၉ ရက်ကစတင်ပြီး သူရဲသမိန်ရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့က သာမန်လူတင်လှေ၊ ငါးဖမ်းလှေတွေကို စစ်တောင်းမြစ်အတွင်း ဖြတ်သန်းသွားလာတာမလုပ်ဖို့ ကန့်သတ်လိုက်တယ်လို့ ဆိုပါတယ်။
” ဒီဘက်ရွာသားတွေက ရေလမ်းကို အများဆုံးအားကိုးပြီးသွားနေကြတာ။ ရိက္ခာဝယ်တာ၊ ငါးဖမ်းတာနဲ့ သွားလာတာတွေ သုံးကြတာ။ ခုလိုပိတ်လိုက်တော့ ရွာခံတွေအတွက် အခက်ခဲဖြစ်လာမှာပဲ”လို့ ဒေသခံတဦးက ပြောပါတယ်။
တားမြစ်ထားတဲ့ကြားကနေ ဖြတ်သန်းသွားလာပါက အစစ်ဆေးအမေးမြန်းမရှိ ပစ်ခတ်သွားမယ်လို့လည်း စစ်ကောင်စီတပ်သားတွေက ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျေးရွာနဲ့ကမ်းနားပိုင်းကြားထဲက လယ်စောင့်တဲတွေအားလုံးကို ဖျက်ခိုင်းထားပြီး နိုဝင်ဘာ ၃၀ ရက် ဒီမနက်မှာတော့ ခြိမ်းခြောက်တဲ့အနေနဲ့ လယ်စောင့်တဲ ၁ လုံးကို စစ်ကောင်စီဘက်က မီးရှို့သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီအင်အား ၇၀ ခန့်ဟာ သူရဲသမိန်ကျေးရွာထဲမှာ တပ်စွဲထားပြီး အဝင်အထွက်တွေကို တင်းကျပ်စစ်ဆေးနေပါတယ်။
ဒါ့အပြင် ကျေးရွာအတွင်းမှာလည်း ဆက်သွယ်ရေးဖုန်းလိုင်းတွေလည်း မမိတော့ဘဲ ဖုန်းပြောမရ၊ အင်တာနက်သုံးမရ ဖြစ်နေတယ်လို့ သိရပါတယ်။
ခုလို သွားလာခွင့်ပိတ်လိုက်တာကြောင့် ဝေါမြို့နယ်က သူရဲသမိန်၊ မြစ်ကျိုး၊ စက်စုရွာ အပါအဝင် ကျေးရွာ ၅ ရွာခန့်နဲ့ ရွှေကျင်မြိုနယ်ထဲက ကွမ်းဆိပ်ကျေးရွာ၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက ဝင်းကံ၊ ခရွဲရွာက ဒေသခံတွေအတွက် သွားလာရေး အခက်အခဲဖြစ်သွားတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၇ ရက် မနက် ၅ နာရီကျော်ခန့်မှာ သူရဲသမိန်ရဲစခန်းကို KNLA ပူးပေါင်းတပ်တွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၃ ဦး၊ ရဲစခန်းမှူးပါ ရဲ ၄ ဦး၊ ပျူစောထီးနဲ့ရာအိမ်မှူး ၂ ဦး စုစုပေါင်း ၉ ဦးသေဆုံးခဲဲ့ပြီး လက်နက် ၄ လက် သိမ်းဆည်းရမိခဲ့ပြီး အဲ့ဒီနောက်မှာ စစ်အုပ်စုက ခုလိုသွားလာရေးကန့်သတ်လိုက်တာလည်း ဖြစ်ပါတယ်။