တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေရာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၈၀ ကျော်ကို ကယ်ဆယ် ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လောက်ကိုင် မြို့နယ်ထဲမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၈၃ ဦးဟာ မလေးရှား နိုင်ငံသား တချို့နဲ့အတူ တရုတ်ကနေ Lion Air လေကြောင်းလိုင်းပိုင် လေယာဉ်နဲ့ ထွက်ခွာလာပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ဒွန်မောင်းလေဆိပ်ကို ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းမှာ ဆိုက်ရောက်မယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ မြို့တော် လောက်ကိုင်ဟာ တရုတ်နယ်စပ်နားမှာ တည်ရှိပြီး တရုတ် ဒုစရိုက် ဂိုဏ်းတွေက ခြယ်လှယ်နေတဲ့ အွန်လိုင်း လိမ်လည်မှုနဲ့ လောင်းကစား လုပ်ငန်းတွေ အခြေချမှုကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အခုနောက်ဆုံး လောက်ကိုင်ကနေ ထွက်ခွာလာမယ့် ထိုင်းနိုင်ငံသားတွေကတော့ ဖုန်းဆက် လိမ်လည်တဲ့ ရာဇဝတ်ဂိုဏ်းတွေမှာ လိုလိုလားလား သွားရောက် အလုပ်လုပ်နေသူတွေဖြစ်ပြီး ထိုင်းနိုင်ငံကို ပြန်ရောက်လာရင် တရားရေးအရ ဖြေရှင်းရမယ့် အခြေအနေ ရှိနေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အဆိုအရ လောက်ကိုင်ကနေ ထိုင်း ၂၆၆ ဦးနဲ့ တခြားနိုင်ငံသားတွေ ရွှေ့ပြောင်း ထွက်ခွာနိုင်အောင် မြန်မာဖက်က အကူအညီတွေ ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနိုင်ငံခြားသားတွေဟာ တရုတ်ဖက်ကို ကူးပြောင်းပြီး စင်းလုံးငှား လေယာဉ်တွေနဲ့ ဘန်ကောက်ကို ပြန်လာကြတာပါ။
လတ်တလောမှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်းက အပြင်းအထန် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ လောက်ကိုင်ဟာ ဗဟိုချက် နယ်မြေ ဖြစ်နေပါတယ်။ အောက်တိုဘာ လကုန်ပိုင်းကစလို့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အာဏာသိမ်း စစ်ကောင်စီကို အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ ညီနောင် မဟာမိတ် သုံးဖွဲ့ဟာ လောက်ကိုင်ကို ထိန်းချုပ် သိမ်းယူနိုင်ဖို့ စစ်ရေးအရှိန် မြှင့်တင် တိုက်ခိုက်နေကြောင်း သိရပါတယ်။