ထောင်ဒဏ် ၁၂ နှစ်အမိန့်ချခံထားရတဲ့ တနသင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို မိသားစုနဲ့ ထောင်ဝင်စာတွေ့ဆုံခွင့် စစ်ကောင်စီဘက်က မပေးခဲ့ဘူးလို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဦးမြင့်မောင်ရဲ့မိခင်ဖြစ်သူဟာ ထောင်ဝင်စာတွေ့ဖို့အတွက် ဒီနေ့မနက်ပိုင်းက ထားဝယ်အကျဥ်းထောင်အဝင်ဝမှာ လာရောက်စောင့်ဆိုင်းခဲ့တယ်လို့ ဆိုပါတယ်။
ဦးမြင့်မောင်ကလည်း မိခင်နဲ့တွေ့ဖို့ ထောင်ဘူးဝအထိထွက်လာစောင့်ပြီးမှ အာဏာပိုင်တွေကခွင့်မပြုတာကြောင့် မတွေ့ခဲ့ရဘူးလို့ ထောင်နဲ့နီးစပ်သူကဆိုပါတယ်။
“တော်တော်ဝမ်းနည်းပြီး ဘူးဝကလှည့်ပြန်သွားတယ်လို့ကြားပါတယ်” လို့ အကျဥ်းထောင်နဲ့နီးစပ်သူက ပြောပါတယ်။
NLD အစိုးရလက်ထက်က ဝန်ကြီးချုပ်ဦးမြင့်မောင်ဟာ စတင်ဖမ်းဆီးခံရတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ လက်ရှိအချိန်အထိ ထားဝယ်အကျဥ်းထောင်ထဲမှာ တိုက်ပိတ်ပြီး တစ်ဦးတည်းသီးသန့်ချုပ်နှောင်ခံထားရသူဖြစ်ပါတယ်။
သူ့ကိုဖမ်းဆီးပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉၊ ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ ရွေးကောက်ပွဲဥပဒေကိုဖောက်ဖျက်ကာ ဘာသာရေးကိုအကြောင်းပြပြီးမဲဆွယ်စည်းရုံးတယ်ဆိုတဲ့ ၁၃၀-က တို့နဲ့ စစ်ကောင်စီက ထောင်ဒဏ် ၁၂ နှစ်အမိန့်ချခဲ့တာပါ။
တနိုင်ငံလုံးကအကျဥ်းသားတွေ မိသားစုနဲ့ထောင်ဝင်စာတွေ့ခွင့်ကို နိုဝင်ဘာလနောက်ဆုံးပတ်ကစလို့ ထောက်ခံစာ၊ အထောက်အထားတွေပြရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေအများအပြားနဲ့ စစ်ကောင်စီက ပြန်လည်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
တောင်ငူအကျဥ်းထောင်မှာ အကျဥ်းချခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်ဟာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက သူ့ရဲ့ဇနီးဖြစ်သူနဲ့ ထောင်ဝင်စာတွေ့ခွင့်ရခဲ့ပါတယ်။
သတ်မှတ်ထားတဲ့ကန်သတ်ချက်တွေအပေါ်သံသယရှိတဲ့သူတွေနဲ့ သွားလာရခက်ခဲတဲ့ဒေသကမိသားစုဝင်တွေကတော့ လက်ရှိအချိန်ထောင်ဝင်စာ မတွေ့ကြရသေးပါဘူး။