စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ဝန်းသိုမြို့နယ်မှာ ဝန်းသိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က Non-CDM ဝန်ထမ်းတွေကို အလင်းဝင်ဖို့ နိုဝင်ဘာ ၂၄ ရက်မှာ အမိန့်ကြေညာစာထုတ်ခဲ့ရာ Non-CDM ဝန်ထမ်း ၆၀ အလင်းဝင်ရောက်လာတယ်လို့ ဝန်းသိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဝန်းသိုမြို့နယ်မှာ ကောလင်းမြို့သိမ်းတိုက်ပွဲ အောင်မြင်ပြီးနောက်ပိုင်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနပေါင်းစုံမှ Non-CDM ဝန်ထမ်းများကို အလင်းဝင်ဖို့ ကြေညာချက်ထုတ်ပြန် အသိပေးခဲ့တာပါ။ ဒါအပြင် ဝန်းသိုမြို့နယ် Non-CDM ဝန်ထမ်းများ စီမံခန့်ခွဲရေးကော်မတီကိုလည်း စနစ်တကျ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။
အဆိုပါ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ဝန်းသိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံကို အကြမ်းဖက် စစ်ကောင်စီလက်အောက်မှာရှိတဲ့ ဌာနပေါင်းစုံမှ Non-CDM ဝန်ထမ်းများအလင်းဝင် ရောက်မှုမှာ ဒီနေ့အထိ ၆၀ ဦးအထိ ရှိလာခဲ့ပြီလို့ အသိပေးဖော်ပြထားပါတယ်။
အလင်းဝင်လာသူတွေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ က ထုတ်ပြန်ထားတဲ့ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒနဲ့ အညီစီမံခွဲနိုင်ရန် ဆောင်ရွက်သွားမှာဖြစ်ပြီး လူ့အခွင့်အရေးများနဲ့ အညီ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက “Non-CDMဝန်ထမ်းများအလင်းဝင်ရောက်ကြရန်” ပြည်ထဲရေး နှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှလည်း နိုဝင်ဘာလ ၁၆ ရက်မှာ အမိန့်ကြေညာချက် ထုတ်ပြန်ထားပြီးဖြစ်တဲ့ အတွက် Non-CDM ဝန်ထမ်းများအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးအပ်တဲ့ နောက်ဆုံးသော အခွင့်အရေးအနေဖြင့် ပြည်သူလူထုဘက်မှ ရပ်တည်ကြရန်နဲ့ လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက ဥပဒေများအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်းကို မလွဲမသွေ ခံယူရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။