ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ရှမ်း၊ စစ်ကိုင်းနဲ့ ချင်းပြည်ဘက်တွေမှာ မြို့သိမ်းတိုက်ပွဲနဲ့ စခန်းသိမ်းတိုက်ပွဲတွေ ပြင်းထန်ခဲ့ပေမယ့် တနင်္သာရီတိုင်းမှာတော့ တိုက်ပွဲဖြစ်ပွါးမှုက အရင်လတွေထက်တောင် လျော့နည်းသွားခဲ့တာကို တွေ့ရပါတယ်။
တနင်္သာရီတိုင်းအတွင်း ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ တိုက်ပွဲနဲ့ပစ်ခတ်မှုစုစုပေါင်း အကြိမ် ၅၀ နီးပါးအထိ ဖြစ်ပွါးခဲ့တာပါ။ ပြီးခဲ့တဲ့နိုဝင်ဘာလမှာတော့ တိုက်ပွဲနဲ့ပစ်ခတ်မှု စုစုပေါင်း ၃၄ ကြိမ်သာ ရှိခဲ့ပါတယ်။
မြိတ်ခရိုင်တပ်ရင်း (၁)ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးကတော့ တောင်ပိုင်းဒေသဟာ လက်နက်ခဲယမ်းပြဿနာကြောင့် မြောက်ပိုင်းလိုတိုက်ပွဲတွေမဖော်ဆောင်နိုင်တာလို့ ပြောပါတယ်။
“ကျနော်တို့တောင်ပိုင်းက နှစ်နှစ်ကျော်လောက်တောက်လျှောက်တိုက်လာရတော့ ခဲယမ်းကမလုံလောက်ဘူး။ ငြိမ်နေတဲ့မြောက် ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပြင်ဆင်ချိန်ရတယ်ပေါ့။ ဒါကြောင့် တန်းတူတိုက်ပွဲဖော်ဆောင်ဖို့ခက်ခဲနေတာပါ” လို့ ရဲဘော်အာနိုးက မှတ်ချက်ချပါတယ်။
ပြီးခဲ့တဲ့လမှာတော့ တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့ မြို့နယ် ၁၀ ခုစလုံးမှာ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွါးခဲ့တာကို တွေ့ရပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၇၀ ဦးသေဆုံးပြီး ၃၀ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း အလစ်တိုက်ခိုက်ခံရတာနဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း ၆ ဦးကျဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့လမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဥ်တွေရဲ့ တဝက်ကျော်ဟာ စစ်ကောင်စီတပ်စခန်း၊ ဂိတ်စခန်း၊ ရဲစခန်းနဲ့ ယာယီတပ်စွဲထားတဲ့နေရာတွေကိုတော်လှန်ရေးတပ်တွေဘက်က ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ပစ်ခတ်မှုတွေ ဖြစ်ပါတယ်။
ထူးခြားမှုအနေနဲ့ ထားဝယ်မြို့နယ်က ကျောက်မဲတောင်နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက အချိန် ၇ နာရီလောက်အထိကြာအောင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိပြီး စခန်းသိမ်းပိုက်နိုင်တာမျိုးတော့မရှိခဲ့ပါဘူး။
စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုအများဆုံးလကတော့ အခုနှစ်၊ ဇူလိုင်လက ဖြစ်ပြီး တိုက်ပွဲနဲ့ပစ်ခတ်မှု ၅၂ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တာပါ။ အဲဒီလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ရဲဘော် ၁၁ ဦးအထိ ကျဆုံးခဲ့ပါတယ်။
အခုဖော်ပြထားတဲ့ တိုက်ပွဲဖြစ်စဥ်တွေဟာ တနင်္သာရီတိုင်းမ်က အတည်ပြုလို့ရတဲ့ ဖြစ်စဥ်တွေကိုသာ စုစည်းထားတာဖြစ်လို့ မြေပြင်မှာဒီထက်ပိုများနိုင်ပါတယ်။