စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် သာစည်ကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စပါးရိတ်မယ့် ဒေသခံတောင်သူတွေကို စပါးရိတ်သိမ်းခအဖြစ် ငွေကြေးအဆမတန်တောင်းယူနေတာတွေကြောင့် အခက်တွေ့နေတယ်လို့ သာစည်ရွာကဒေသခံတွေကပြောပါတယ်။
သာစည်ကျေးရွာအတွင်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စပါးရိတ်မယ့်တောင်သူတစ်ယောက်ကို ကျပ်ငွေ (၅)သိန်း ကနေ (၁၀)သိန်း အကြားတောင်းယူတာတွေရှိပြီး ပိုက်ဆံမပေးဘဲ စပါးရိတ်တဲ့သူတွေကို ပစ်ခတ်မယ်လို့ ခြိမ်းခြောက်တာတွေလဲရှိတယ်လို့ ဒေသခံတောင်သူတစ်ယောက်က အခုလို ပြောပါတယ်။
“ဧကအလိုက်တောင်းတာတော့မဟုတ်ဘူး၊ ဒီအတိုင်းတောင်းတာ၊ တစ်ယောက်ကို (၅)သိန်းတောင်းတဲ့ သူလဲရှိတယ်၊ (၁၀)သိန်းအထိ တောင်တောင်းခံရတဲ့သူတွေလဲရှိတယ်၊ တကယ်လို့သူတို့ကိုမပေးပဲ စပါးရိတ် မယ်ဆို ပစ်မယ်လို့ ခြိမ်းခြောက်ခံရတယ်”လို့ပြောပါတယ်။
အခုလို သာစည်ရွာကဒေသခံတောင်သူတွေကို ငွေကြေးအဆမတန်ကောက်ခံတာတွေကြောင့် တောင်သူတွေဟာ စပါးရိတ်သိမ်းတာနဲ့ပတ်သက်လို့အခက်အခဲရှိနေသလို သူတို့တောင်းဆိုထားတဲ့ဈေးဟာလဲ တစ်နှစ်စာ မိသားစု စားသောက်ရေးအတွက် ဆန်ဝယ်ခြမ်းလို့ရတဲ့အနေအထားရှိတာကြောင့် စပါးဆက်မရိတ်တော့ ဖို့ဆုံးဖြတ်ထား တယ်လို့သူကဆက်ပြောပါတယ်။
“သူတို့တောင်းတဲ့ဈေးကအရမ်းများတယ် လယ်ငါးဧကရှိတဲ့သူတောင် ရိတ်သိမ်းခစရိတ်တွေနဲ့မကာမိဘူး၊ နောက်ပြီး(၁၀)သိန်းနဲ့ကအပြင်မှာ တစ်နှစ်စာ ဆန်ဝယ်စားလို့ရတဲ့အနေအထားလဲဖြစ်ပြန်တယ်၊ အဲ့တာတွေ ကြောင့် စပါးမရိတ်ဘူး ဝယ်စားတော့မယ်လို့ဆုံးဖြတ်ထားတယ်”လို့ပြောပါတယ်။
သာစည်ကျေးရွာဟာ ကလေးမြို့ရဲ့တောင်ဖက် ကလေး-ဂန့်ဂေါလမ်းမကြီးပေါ်မှာရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး ယခုနှစ် ဇွန်လအစောပိုင်းကစပြီး ကျေးရွာအတွင်းစစ်ကြောင်းထိုးပြီးဝင်ရောက်လာကြပြီး အိမ်ခြေ(၂၀၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလဲ သာစည်ကျေးရွာအလယ်မှာ စခန်းချနေထိုင် ကြတယ်လို့ သိရပါတယ်။