ရှမ်းပြည်မြောက်ပိုင်း၊ တအာင်းဒေသ၊ နမ့်ခမ်းမြို့မှာရှိတဲ့ အကြမ်းဖက် စစ်တပ် စခန်းအားလုံးနီးပါးကို တအာင်းတပ်မတော် TNLAက သိမ်းဆည်းရမိခဲ့တယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
TNLAက Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၄၂) ရက်မြောက်နေ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်မှာ အသိပေးခဲ့တာပါ။
၁၀၂၇ စစ်ဆင်ရေးအစပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တဲ့ နမ့်ခမ်းမြို့နယ်အခြေစိုက်စခန်းတခုဖြစ်တဲ့ “စခန်းသစ်ဗျူဟာကုန်း” ကို (၄၂) ရက် ကြာတိုက် ခိုက်ခဲ့ပြီးနောက်မှာ အဲဒီစခန်းကုန်းရဲ့ အရှေ့ပွိုင့် လုံခြုံ ရေးကုန်းတစ်ခုကို ဒီဇင်ဘာ ၈ရက် ဒီနေ့မနက်မှာ သိမ်းပိုက်နိုင်ခဲ့တာပါ။
အဲဒီစခန်းသိမ်းပိုက်ပြီးနောက် အကြမ်းဖက် စစ်အုပ်စုက ဓါတုအဆိပ်ငွေ့ဗုံးတွေနဲ့ စတင်အသုံးပြုတိုက်ခိုက်လာတာတွေ ရှိတယ်လို့ TNLAက ဖော်ပြပါတယ်။
အကြမ်းဖက် စစ်တပ်ရဲ့ “စခန်းသစ်ဗျူဟာကုန်း” ပြည်သူလူထုကို ကာလ ရှည်ကြာ အနှောင့်အယှက်ပေးနေသော အခြေစိုက်စခန်းကြီးတစ်ခုဖြစ်ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဗျူဟာကုန်းကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အချိန်မှာလည်း အကြမ်းဖက် စစ်တပ်ကဘက်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု (၁၉၅) ကြိမ်၊ Y8/Y12 ရဟတ်ယာဉ်နဲ့ (၅၅) ကြိမ်၊ ဓါတုအဆိပ်ငွေ့ဗုံးနဲ့ (၃) ကြိမ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ရန်သူ့စခန်းကြီး (၂) ခုဖြစ်တဲ့ “မန်တပ်စခန်း” နဲ့ “နမ့်ဖတ်ကာစခန်း” ကနေ လက်နက်ကြီးတွေနဲ့လည်း အကြိမ် (၃၀၀) ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တအာင်းတပ်မတော် TNLAအနေနဲ့ လက်ရှိမှာ နမ့်ခမ်းမြို့က ရန်သူ့တပ်စခန်းများအားလုံးနီးပါးကို ချေမှုန်းထားနိုင်ခဲ့ပြီဖြစ်တယ်လို့ အသိပေးဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၇ရက်ကလည်း နမ့်ခမ်းမြို့နယ်က ပန်လော်နဲ့ ဟိုနားရွာကျေးရွာ၂ ရွာကို အကြမ်းဖက် စစ်အုပ်စုက ပေါင် ၅၀၀ ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ငယ် ၁ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLAက မနေ့က ညပိုင်းက ထုတ်ပြန်ထားပါတယ်။