ပဲခူးတိုင်း၊ မုန်းမြို့ရှိ စစ်ကောင်စီရဲ့ ကော့ပြင်းတပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းအဖွဲ့တွေက မနေ့ ဒီဇင်ဘာ ၇ ရက်မှာ သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
ကော့ပြင်းစခန်းမှာ တိုက်ပွဲဖြစ်သည်နှင့် စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာကြောင့် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဲ့ဒီ့စခန်းကနေ ၆၀ မမ လက်နက်ကြီး ၁ လက်၊ သေနတ် ၃ လက်၊ ပစ္စတို ၁ လက် သိမ်းမိခဲ့တယ်လို့ သိရပါတယ်။
မုန်းမြို့က စစ်ကောင်စီစခန်းတွေဖြစ်တဲ့ ခမရ-၅၉၀နဲ့ ၅၉၉ တပ်တွေကို KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ဒီဇင်ဘာ ၅ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲမှာ ဒုတပ်ရင်းမှူးအပါ စစ်ကောင်စီတပ်သား ၁၉ ယောက် လက်နက်ချအညံ့ခံပြီး တပ်မိသားစုဝင် ၄၂ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့ပါတယ်။
မုန်းမြို့အတွင်းက စစ်ကောင်စီစခန်းတွေ ဗျူဟာအရဖြစ်ပြီး စခန်းတွေကို တပ်ပြန်စွဲနိုင်ပြီလို့ စစ်ကောင်စီထိန်းချုပ်မီဒီယာတွေက ဖော်ပြပါတယ်။
အဲ့ဒီဖော်ပြချက်ဟာ ဝါဒဖြန့်သတင်းသာဖြစ်ပြီး ဖမ်းမိထားတဲ့ စစ်ကောင်စီအဖွဲ့နဲ့ စစ်သုံ့ပန်းဓာတ်ပုံတွေကို တော်လှန်ရေးအဖွဲ့တွေက မနေ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတယ်ဆိုတဲ့ မုန်းမြို့ကို စစ်ကောင်စီဟာ လေကြောင်းက ဗုံးတွေကြဲနေတာကြောင့် မြို့ပေါ်ရပ်ကွက်နဲ့ အနီးနားကျေးရွာတွေက ပြည်သူ ၆ သောင်းကျော် စစ်ဘေးရှောင်နေရပါတယ်။