စက်သုံးဆီပြတ်လပ်မှု အခြေအနေတွေပိုမိုဆိုးရွာလာတာကြောင့်ရန်ကုန် မော်လမြိုင် လမ်းပိုင်းက ကုန်တင်ယာဉ်တွေ ဆီဝယ်လို့မရတော့ ဘဲ အခက်ခဲတွေဖြစ်ပေါ်နေတယ်လို့ သိရှိရပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၈ ရက်နေ့ မှာ တော့ ကုန်တင်ကားကြီးအများအပြား စက်သုံးဆီ အရောင်းဆိုင်တွေမှာ ဆီဖြည့်ဖို့ စောင့်ဆိုင်းနေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က စတင်ကာ ရန်ကုန်မြို့အပါအဝင် တစ်နိုင်ငံလုံးက မြို့နယ်အလိုက် ဆီပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီး အခုမှာတော့ ကုန်တင်ယာဉ်တွေပါ ဆီရရှိဖို့ စောင့်ဆိုင်းနေရတဲ့အတွက် ကုန်စည်စီးဆင်မှု နှောင့်နှေးစေတယ်လို့ ဆိုပါတယ်။
“မော်လမြိုင်ကနေ ရန်ကုန်တက်ဖို့ မုတ္တမ DENKO ဆိုင်နဲ့ MAX ဆိုင်မှာ ညလောက်ထဲက ဆီဖြည့်ဖို့ ကားကြီးတွေ တန်းဆီနေတာ။ ဒီမနက်အထိ တန်းစီနေကြတုန်းပဲ။ ဆီဆိုင်မှာ ဆီမရတော့လို့ ပိတ်ထားလဲ ရတဲ့အချိန်ထိစောင့်ပြီးထည့်ဖို့ ကားတွေ တန်းစီနေကြတာ” လို့ ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
စက်သုံးဆီ အရောင်းဆိုင်တွေမှာ 92၊ 95 ပြတ်လပ်နေတဲ့အပြင် ဒီဇယ်နဲ့ ပရီမီယံ ဒီဇယ်ပါ အကန့်အသက်ဖြင့်သာ ရရှိနေတာကြောင့် ကုန်တင်ယာဉ်တွေပါ အခက်တွေ့လာတာ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန် မော်လမြိုင် လမ်းပိုင်းမှာရှိတဲ့ ဆီဆိုင်အများစုမှာ ဆီပြတ်လပ်တာကြောင့် အရောင်းရပ်နားထားရသလို ဆီရရှိတဲ့ ဆိုင်တွေမှာတော့ အကန့်အသက်ဖြစ်သာ ရရှိတာကြောင့် ခရီးသွားလာမှုအတွက် အခက်ခဲဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်က မော်လမြိုင်မြို့ အပါအဝင် ပေါင်၊ သထုံ၊ ကျိုက်ကော်၊ ဘီးလင်း၊ ကျိုက်ထို မြို့တို့မှာလည်း ဆီးဆိုင်အများစု အရောင်းရပ်နားထားရကာ ရရှိတဲ့ဆိုင်အချို့မှာတော့ ၁ နာရီ နီးပါ တို့ဝေ့ဝယ်ယူနေကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“မော်လမြိုင်မှာတောင် ရတဲ့ဆိုင်တွေမှာ ဆိုင်ကယ်တွေ ထောင်နဲ့ချီတန်းစီနေကြတာ။ မနက်ကဆို အစောကြီး ဆိုင်တောင်မဖွင့်သေးဘူး တန်းစီနေတာ။ အလုပ်မအားလို့ တန်းမစီနိုင်ရင် ဗူးနဲ့ဆိုင်မှာ အဆင်ပြေသလိုထည့်သွားရတာပဲ တစ်လီတာ တစ်ဗူးကို ၃၅၀၀၊ ၄၀၀၀ အထိပေးရတာ” လို့ မော်လမြိုင်မြို့ဒေသခံ တစ်ဦးက ပြောပါတယ်။