မကွေးတိုင်း၊ ဆောမြို့နယ်မှာ ဒီဇင်ဘာ ၆ ရက် ညနေပိုင်းက အမြောက်တပ်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သားတယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ဆောမြို့နယ် ပကဖကနေ သိရပါတယ်။
ဆောမြို့နယ်မှာ ဒီဇင်ဘာ ၆ ရက် ညနေပိုင်းက စစ်ကောင်စီရဲ့ တပ်မ ၁၁ လက်အောက်ခံ ၂၁၃ တပ်ရင်းက စစ်ကောင်စီ တပ်သားတယောက်ဟာ ကျောက်ထု အမြောက်တပ်ကနေ ထွက်ပြေးလာလို့ ပကဖရဲဘော်တွေက ဖမ်းဆီးရမိခဲ့တာလို့ ဆောမြို့နယ် ပကဖတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
“ထွက်ပြေးလာတာ ၂ ရက် ၃ ရက်လောက် ရှိနေပြီး ကျနော်တို့ဘက်က ရဲဘော်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာ။ သူကိုတော့ ဆောမြို့နယ်ပကဖတပ်ဖွဲ့က လုံခြုံစိတ်ချရတဲ့နေရာမှာ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်။”
ဆောမြို့နယ်မှာ ဒီဇင်ဘာ ၃ ရက် မနက်ပိုင်းက လောင်းရှည်နယ်မြေရဲစခန်းက ထွက်ပြေးလာတဲ့ ရဲတပ်သား ၂ ယောက် ကိုလည်း ပကဖအဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဆောမြို့နယ် ပကဖကနေ သိရပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ကောင်စီတပ်ရင်းတွေနဲ့ ရဲတပ်ဖွဲ့တွေက ထွက်ပြေး အလင်းဝင်တဲ့သူတွေ များပြားလာနေပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် ၁၄,၀၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။