တနင်္သာရီတိုင်း လောင်းလုံးမြို့ မြို့တော်ခန်းမနှင့် ဆေးရုံရှေ့တွင် တော်လှန်လူငယ်များက ဦးဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ယနေ့ (ဒီဇင်ဘာ ၉) နံနက်က ပြုလုပ်ခဲ့ကြသည်။
ယင်းလူငယ်များက အာဏာသိမ်းစစ်ကောင်စီဘက်တော်သားများ အနေဖြင့် ဖက်ဆစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့ဘက်သို့ ကူးပြောင်းလာကြရန် တိုက်တွန်းသည့်အနေဖြင့် မြို့တော်ခန်းမရှေ့၌ “ဖက်ဆစ်တပ်ကို စွန့်ခွာကြ၊ ပြည်သူ့ရင်ခွင် ခိုလှုံကြ” ဘန်နာကို ချိတ်ဆွဲဆန္ဒပြခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြသည်။
ယင်းဆန္ဒပြလှုပ်ရှားမှုကို ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင်အချို့က ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။