ပြည်တွင်း၌ ဓါတ်ဆီနှင့်ဒီဇယ်အပါအဝင်ရေနံထွက်လောင်စာဆီများကို ဂါလံ ၅၀ ပိုမိုသိုလှောင်ခြင်းနှင့် သယ်ဆောင်ခြင်းတို့ကို ဒီဇင်ဘာ ၁၀ ရက်စတ၍ မပြုလုပ်ကြရန် စစ်ကောင်စီက တားမြစ်သည်။
ထိုသို့ ဆောင်ရွက်လိုပါက လိုင်စင်ရယူရမည်ဖြစ်ပြီးလိုင်စင်မရှိဘဲ သိုလှောင် ၊သယ်ဆောင်ပါက ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၀ဖြင့် အရေးယူမည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ခြိမ်းခြောက်ထားသည်။
ထိုဥပဒေပုဒ်မ ၃၀ အရ ထိုတားမြစ်ချက်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ကျပ် သုံးသိန်း မှ သိန်း ၅၀ အထိဖြစ်စေ၊ ထောင်ဒဏ် တစ်နှစ်ဖြစ်၊ ပြစ်ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ခံရမည်ဟု ဆိုထားသည်။ ထိုပြင် ထိုလောင်စာဆီများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခံရမည်ဟုဆိုထားသည်။
စက်သုံဆီအကြပ်အတည်းဆိုက်နေသည့် စစ်ကောင်စီသည် ပြည်သူလူထုကိုသာ ခြိမ်းခြောက်နိုင်ပြီး အမှန်တကယ် လိုချက်များကို မဖြေရှင်းနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
“အခုချိန်မှာ ဆီသိုလှောင်ထားတဲ့သူတွေကို လိုက်ဖမ်းဖို့ ကြိုတင်ကြံစည်ထားတာလိုမြင်တယ်။”ဟု ၎င်းကဆက်ပြောသည်။
ထိုအပြင် ရန်ကုန်တိုင်းအတွင်း စက်သုံးဆီမရောင်းချသည့် ဆိုင်များကိုလည်း စစ်ဆေးအရေးယူရန် မြို့နယ်အလိုက် စီစစ်ရေးအဖွဲ့များကို ဖွဲ့စည်းသွားမည်ဟု ရန်ကုန်တိုင်းစစ်ကောင်စီက ဒီဇင်ဘာ ၇ ရက်ရက်စွဲဖြင့်ထုတ်ပြန် ခြိမ်းခြောက်ထားသေးသည်။
ထိုမြို့နယ်အလိုက်အဖွဲ့များကို ဒီဇင်ဘာ ၈ ရက်မှစတင်ပြီးဖွဲ့စည်းကာ စက်သုံးဆီဆိုင်များသည် သို့လှောင်ကန်များအတွင်း စက်သုံးဆီရှိလျက် ရောင်းချပေးခြင်းမရှိသည့် ဆိုင်များကို အရေးယူဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းစစ်ကောင်စီက ခြိမ်းခြောက်ထားခြင်းဖြစ်သည်။
“စက်သုံးဆီပြတ်တာက အခုတာဝန်ယူထားတဲ့သူတွေ စီမံခန့်ခွဲမှုညံဖျင်းတာကို ဆီဆိုင်တွေကို ဆီတွေရှိရဲ့သားနဲ့ ရောင်းမပေးလို့ဆိုတဲ့ စကားနဲ့အပြစ်ပုံချချင်တာပဲ။ ဈေးကွက်သဘောအရ ပေါက်ဈေးအရဆိုရင် ရောင်းတဲ့သူက ရောင်းမှာပဲ။ အခုက ဘာလွဲနေလဲဆိုတာကို အနာနဲ့ ဆေးတလွဲပေးပြီး။ နေရာတကာ ဖမ်းမယ်။ဆီးမယ်ခြိမ်းခြောက်နေကြတာပဲသိကြတယ်”ဟု စက်သုံးဆီတင်သွင်းရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးကပြောသည်။
နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံတွေ့နေရချိန်တွင် စစ်ကောင်စီက စက်သုံးဆီဆိုင်များကို တရက်စာချင်းသာ ထုတ်ပေးပြီး ရောင်းဝယ်ကြရန် စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းကထုတ်ပြန်ထားသည်။