ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုညောင်ပင်ကြီးကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
အသက်(၂၂)နှစ်အရွယ် အန်နာမူဟာဆောင်းကိုယမန်နေ့ (ဒီဇင်ဘာ ၈ရက်) ညနေက အသတ်ခံရခြင်းဟု မောင်တောမြို့ခံတစ်ဦးက ပြောသည်။
“သူ( အန်နာမူဟာဆောင်း)က စာသင်ကျောင်းနားမှာ နွားကျောင်းနေတာ။ စစ်တပ်ကကောင်တွေ ရောက်လာပြီး သေနတ်နဲ့ ပစ်တာ။ ပြေးတော့လည်း လိုက်ပစ်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ရုပ်အလောင်းအား သွားရောက်ယူဆောင်သည့်ဒေသခံများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကြိမ်းမောင်း ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။
မောင်တောမြို့တွင် စစ်ကောင်စီက အရပ်သားများအားဦးတည်၍ အကြမ်းဖက်တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော်(AA)၏ သတင်း ရင်းမြစ်က ပြောသည်။
ထို့အပြင် မောင်တောမြို့ဒေသခံ ၁၄၆ဦးကိုလည်း AAနှင့်ဆက်စပ်သည်ဟုဆိုကာ ပြီးခဲ့သည့် နိုဝင်ဘာမှစတင်၍ စစ်ကောင်စီက ဖမ်းဝရမ်း ထုတ်ထားသည်။
မောင်တောမြို့နယ်အတွင်း ယနေ့( ဒီဇင်လာ ၉ရက်) တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။
အမ်းမြို့နယ်တွင်မူ စစ်ကောင်စီက အရပ်သားများနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးဖြင့်ပစ်ခတ်နေကြောင်း AA သတင်းရင်းမြစ်က ပြောသည်။