အာဏာသိမ်းစစ်ကောင်စီ က ဝရမ်းထုတ်ထားလို့ တိမ်းရှောင် နေရတဲ့ ပုသိမ်မြို့က ပရဟိတ အသင်း ခေါင်း ဆောင်တဦး ရဲ့ ဇနီးဖြစ်သူကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ က မနေ့ကအင်အား အလုံး အရင်း နဲ့ နေအိမ် အတွင်း စီးနင်း ဝင်ရောက် ဖမ်းဆီးသွားတယ် လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
ပုသိမ်မြို့ အမှတ် ၆ ရပ်ကွက် မြို့ပါတ်လမ်း နဲ့ လှည်းစုလမ်း ထောင့် မှာ နေထိုင်တဲ့ ဦးဇော်သန့် ရဲ့ ဇနီး ဖြစ်သူ အ သက် ၄၅ နှစ် ဝန်းရှိ ဒေါ်သဥ္ဇာအောင် ခေါ် မအငယ်မ နေအိမ်မှာရှိနေချိန်စစ်ကောင်စီ တပ်ဖွဲ့ ဝင် တွေ၊ ရဲတပ်ဖွဲ့ဝင် တွေ နဲ့ ပျူစောထီးတွေ က စစ်ကားခြောက်စီး နဲ့ရောက်လာပြီး မနေ့ ည ၈ နာရီခွဲလောက်က ဖမ်းဆီးသွားတာပါ။
“စစ်သားတွေ ရဲတွေက ကားပေါ်က ခုန်ဆင်းပြီး အိမ်ထဲ ပြေးဝင်သွားတယ်၊ ပြီးတော့ ဧည့်စာရင်း စစ်မလို့ ပြော တယ်၊သေနတ်တွေ နဲ့ လမ်းထဲရော အိမ်ထဲရော ချိန်ထားတယ်၊ နောက်တော့ စစ်ဗိုလ်က မူးနေတယ် ထင်ပါတယ်၊ ဘယ်မှာလဲ ထုတ်ပေး လို့ အိမ်ထဲ မှာ ဆဲဆို အော်ဟစ် ပြောသံ တွေ ကြားရတယ်၊လမ်းမ နဲ့ အိမ် က ကပ်နေလို့ ကြားကြရတာ” လို့ မျက်မြင်တွေ့ရှိသူ တဦးက ပြောပါ တယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲ့ဒီနေအိမ်အတွင်း နှစ်နာရီလောက် မွှေနောက် ရှာဖွေပြီး ဦးဇော်သန့် ကို မတွေ့ တဲ့နောက် ဇနီး ဖြစ်သူ ဒေါ် အငယ်မ ကို ဖမ်းချုပ် ခေါ်ဆောင်သွားကာ သူမရဲ့ လက် ကိုင်ဖုန်း ကိုလည်း သိမ်း ဆည်းသွားတယ် လို့သိရပါတယ်။
အခုဖမ်းဆီးခံရတဲ့ ဒေါ်သဥ္ဇာအောင် ခေါ် အငယ်မ ဟာ ၁၂ နှစ် အရွယ် သားတဦး ၊၇ နှစ်အရွယ် သ မီးတ ဦး နဲ့အ တူ ဆန်ခေါက်ဆွဲပြုလုပ်ရောင်းချနေသူ ဖြစ်ပြီး လက်ရှိမှာကလေးနှစ်ဦးကိုဆွေ မျိုး တွေ က စောင့်ရှောက်ထားရ တယ်လို့သိရပါတယ်။
“မအငယ်မကို ဘယ်ခေါ်သွားသလဲ မသိသေးဘူး ရဲစခန်း ကရော ရပ်ကွက်ရုံးကရော သူတို့မသိဘူး ပြော တယ် သူ့ ယောင်္ကျားကသာ ရပ်ရွာ အရေး၊သာရေး နာရေးတွေ ဝါသနာ ပါတာ မိန်းမဖြစ်သူ က အဲ့တာ တွေ ဘာမှ မသိဘူး လေ၊ ခုလည်း လူလို နားမလည်တဲ့ ကောင်တွေက ရိုက်ကြ နှက်ကြ မှာ မိသားစု က စိုးရိမ် နေတယ်” လို့ ရပ်ကွက် အတွင်း နေထိုင်သူ တဦး ကပြောပါတယ်။
ဧရာဝတိုင်းဒေသခံဥပဒေ အထောက်အကူ ပြု အဖွဲ့ဝင်ဟောင်း တဦး ကတော့ ဒေါ်သဥ္ဇာအောင် ခေါ် မအငယ်မ ကို အခုလို ဖမ်းဆီးတာဟာ ဥပဒေ နဲ့ ညီညွှတ်မှု မရှိတဲ့ လုပ်ရပ်ဖြစ်သလို တရားမဲ့ ပြုကျင့်မှုလည်းဖြစ်တယ်လို့ ဝေဖန်ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ က ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ ဦးဇော်သန့် ဆိုသူ ဟာ ပန်းတိမ် လုပ်ငန်းလုပ်ကိုင်သူတဦးဖြစ်သလို ရပ်ကွက် ပရဟိတ လူမှုရေးအသင်းခေါင်းဆောင်လည်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဦးဇော်သန့်ဟာ စစ်တပ်အာဏာသိမ်းမှု ကို ဆန့်ကျင်ဆန္ဒပြရာမှာပါဝင်ခဲ့ပေမယ့် နိုင်ငံရေးပါတီဝင်တဦး မဟုတ်ဘဲ သာမန်အရပ်သားတဦးသာဖြစ်တယ်လို့ သိရပါတယ်။
အာဏာပြီး နောက် ပုသိမ်မှာ အကြမ်းဖက် ရိုက်နှက် ပစ်ခတ် ဖမ်းဆီး မှုတွေလုပ်လာချိန်က စပြီး ဦးဇော်သန့်ကို စစ်ကောင်စီဝရမ်းထုတ်ဖမ်းဆီးဖို့ကြိုးစားခဲ့တာကြောင့် ရပ်ကွက်အတွင်း ပြန် မလာတော့တာ သုံးနှစ်နီးပါး ရှိနေပြီ လို့ ရပ်ကွက်အုပ် ချုပ်ရေး အဖွဲ့ဝင်တွေဆီကသိရပါတယ်။