လောင်းလုံးမြို့နယ်မှာ စရဖရုံးနဲ့ ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် မြို့ပေါ်က ရေချောင်းထဲမှာ စစ်ကောင်စီတပ်ဘက်က မိုင်းတွေလိုက်ထောင်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
အခုလ ၆ ရက်နေ့က လောင်းလုံး စရဖရုံးနဲ့ရဲစခန်းတိုက်ခိုက်ခံရပြီး နောက်တရက်မှာ ထွေအုပ်ရုံးရဲ့အနောက်ဘက်က ရေချောင်းတလျှောက်ကို မိုင်းတွေလာထောင်ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
အလားတူ မနေ့ကမနက်ပိုင်းမှာလည်း စရဖရုံးအနီးက တံတားတွေရဲ့ အောက်ဘက်တွေမှာ မိုင်းထောင်ခဲ့တယ်လို့ ဆိုပါတယ်။
“ချောင်းထဲကို စစ်သားတွေဆင်းပြီးပေါက်တူးတွေနဲ့လုပ်နေကြတာ။ မိုင်းထောင်ထားလို့ ချောင်းထဲ မဆင်းဖို့လည်း ပြောတယ်” လို့လောင်းလုံးမြို့ခံတစ်ဦးကပြောပါတယ်။
အခုလို မိုင်းထောင်ရတာဟာ PDF တွေချောင်းထဲကတက်လာပြီးတိုက်ခိုက်တာကြောင့်ဖြစ်တယ်လို့လည်း စစ်ကောင်တပ်သားတွေကပြောဆိုခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
မိုင်းတွေလာထောင်ထားလို့ ချောင်းအနီးအနားနေထိုင်သူတွေ စိုးရိမ်နေကြပါတယ်။
စရဖရုံးနဲ့ ရဲစခန်းကိုတော့ လောင်းလုံး (ပကဖ)နဲ့ ထားဝယ်နဂါးတပ်ခွဲ (၅) တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်ခံရတဲ့နေ့ညနေပိုင်းမှာ လောင်းလုံးမြို့ပေါ်ကအမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးသွားခဲ့ပြီး နောက်တနေ့မနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
လောင်းလုံးမြို့ပေါ်က ရဲစခန်းနဲ့ စစ်ကောင်စီလက်အောက်ခံရုံးတွေ အရင်ကလည်း မကြာခဏ ပစ်ခတ်တိုက်ခိုက် ခံရဖူးပါတယ်။