စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စက်မှုဇုံရပ်ကွက်၊ ကျောက်ဂူဘုန်းကြီးကျောင်းအနီးတောလမ်းမှာ ဒီဇင်ဘာ(၉)ရက် ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး လမ်းသွားလမ်းလာ အသက် (၃၀)အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ၊အသက်(၂၀)အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
” မိုင်းပေါက်လို့ တစ်ယောက် သေတယ်။ညက။ တစ်ယောက်က ဒဏ်ရာရတယ်။ဆေးခန်းတော့ ပြဖို့ သွားကြသေးတယ်။အချိန်မမီလိုက်ဘူး။ တစ်ယောက်က လမ်းမှာ ဆုံးတာ၊ တစ်ယောက်က ပွစာတက်လို့ မိုင်းထိ ထားတာက” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေဟာ ကလေးမြို့ပေါ်ရပ်ကွက်ကနေ ကလေးနယ် တောင်ပိုင်းကို သွားလာနေတဲ့ လမ်းသွားလမ်းလာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှု မဖြစ်ခင် မနေ့က မနက်ပိုင်းမှာ စစ်အုပ်စုက ကလေးမြို့နဲ့ ကလေးနယ်တောင်ပိုင်းဆက်သွယ်ထားတဲ့ ကားလမ်းကို မြေထိုးစက်နဲ့ ဖျက်ဆီးကာ ပိတ်ဆို့ပြီး လမ်းသွားလမ်းလာ ဒေသခံ (၂၀)ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက ကားလမ်းကို ဖျက်ဆီးပြီး လမ်းပိတ်ကာ ပြည်သူကို ရန်ပြုဖမ်းဆီးတာကြောင့် ဒေသခံတွေ အနေနဲ့ တောလမ်းက သွားလာရချိန် အခုလို မိုင်းပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးရတာလို့ ဒေသခံတွေက ပြောပါတယ်။
“ကလေးတောင်ပိုင်းကို သွားဖို့က ကလေး-ဂန့်ဂေါ လမ်းမကြီးက ပိတ်ထားတာ ကြာပြီ၊နောက်တစ်လမ်းကတော့ ကလေး မြို့-စက္ကန့်နားက လမ်းပေါ့။ အဲ့ဒီလမ်က ဘယ်သူမသုံးကြဘူး။ ခွေးတွေက စက္ကန့်ရွာမှာရှိသေးတယ်။ အဲ့ဒီလမ်း သွားမရလို့ တောလမ်း စက်မှုဇုန်လမ်းက သွားကြတာ။ အဲ့ဒါ JCB နဲ့ထိုး ပိတ်တယ်။ ပြည်သူ (၂၀)ကျော် ဖမ်းသွားတယ်”
ကလေးမြို့နယ်က စစ်အုပ်စုရဲ့ ရန်ကြီးအောင်၊ ရာဇဂြိုလ် အကျဉ်းစခန်းတွေကို တော်လှန်ရေး တပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စသ်အုပ်စုက ကလေးမြို့ အဝင်အထွက်တွေမှာ စစ်ဆေးရေးတွေ တင်းကြပ်ထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကလေးတောင်ပိုင်းကိုပါ သွားလာလို့ မရအောင် လမ်းတွေကိုပိတ်ဆို့ဖျက်ဆီး နေတာလို့ ဒေသခံတွေကပြောပါတယ်။