ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က အသိပေးထုတ်ပြန်သည်။
ဒီဇင်ဘာ ၁၀ရက် မွန်းလွဲ ၃နာရီခွဲခန့်တွင် နမ့်ခေးရွာရှိ စစ်ကောင်စီ၏ ကဒိုင်းဖူးတောင်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲသေဆုံးထိခိုက်မှု နှင့် လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အခြေအနေကို ဖော်ပြမထားပေ။
TNLAသည် ကွတ်ခိုင်ရှိ စစ်ကောင်စီတပ်စခန်းနှင့် နမ့်ခမ်း စခန်းသစ်ကုန်းစခန်းများကိုလည်း ယနေ့တွင် ဆက်လက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က စခန်းသစ်ကုန်းဘက်သို့ တိုက်လေယာဉ်၊ ရဟတ်ယာဉ်ဖြင့် ခြောက်ကြိမ်လာရောက်ပစ်ကူပေးခဲ့သည်ဟု ဆိုသည်။
ထို့ပြင် TNLAနှင့် မဟာမိတ်တပ်များသည် မူဆယ် (၁၀၅)မိုင် စစ်ကောင်စီစခန်းကိုလည်း ယနေ့ မွန်းလွဲပိုင်း၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ Mi-35 ရဟက်ယာဉ်ဖြင့် တစ်ကြိမ်လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။
မန်တုံမြို့နယ် စစ်ကောင်စီ ခလရ(၁၃၀)တပ်စခန်းကိုလည်း TNLAက တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။
TNLAသည် ၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်း ၄၀ကျော်အတွင်း စစ်ကောင်စီတပ်စခန်း ၅၄ခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။