ရန်ကုန် – ပဲခူး – ဧရာဝတီဆက်သွယ်ထားသည့် လမ်းပိုင်းတလျောက်ရှိ စက်သုံးဆီဆိုင်ကြီးအများစု ဆီပြတ်လပ်နေပြီး ဆီရှိသည့် ဆိုင်အချို့ကလည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသည်။
ယမန်နေ့က ပြည်မြို့၌ စက်သုံးဆီဝယ်မရခဲ့၍ ကားရပ်နားခဲ့ရကြောင်း ပြည် – ကြံခင်း – ဟင်္သာတ – ရန်ကုန် လိုင်းကားပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
ယနေ့(ဒီဇင်ဘာ၁၀ရက်)တွင်လည်း ဧရာဝတီတိုင်းကို ဖြတ်သွားသည့် ပြည် – ရန်ကုန်လမ်းတလျှောက် စက်သုံးဆီဆိုင် အများစု ပိတ်ထားကြောင်းနှင့် ဖွင့်သည့်ဆိုင်များတွင်လည်း ကားများ တန်းစီနေကြောင်း ယာဉ်မောင်းတစ်ဦးကပြောသည်။
” Denko လို Max လို ဆီဆိုင်ကြီးတွေလည်း မရဘူး။ ရတဲ့ဆိုင်ကျ ကားတစ်စီးကို သုံးသောင်းဖိုး၊ တချို့ဆိုင်တွေ တစ်စီးတစ်သောင်းဖိုးပဲ ရတယ်” ဟု အိမ်စီးကားမောင်းသူတစ်ဦးက ပြောသည်။
ပြည် – ရန်ကုန်လမ်းတလျောက် ဆီဆိုင်အချို့သည် ဆိုင်ခြံဝင်းတခါး ပိတ်ထားခြင်း၊ ဆိုင်းဘုတ်အား ပိတ်စဖြင့် ဖုံးထားခြင်းတို့ပြုလုပ်ထားသည်။
ဖွင့်သောဆိုင်များစုမှ ဝန်ထမ်းများကလည်း ဆီမရှိကြောင်း လက်ခါပြသည်ကိုသာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက ပြောသည်။
“စစ်တပ်က စက်သုံးဆီပြတ်တာကို ပြတ်တယ်လို့ ဝန်မခံဘူး။ အတင်းပဲ သူတို့ လုပ်နိုင်နေသလို သတင်းတွေ ထုတ်နေတယ်” ဟု ရန်ကုန်မြို့မှ YBS ယာဉ်မောင်းတစ်ဦးက ပြောသည်။
စက်သုံးဆီပြတ်လပ်သည်ဟူသော သတင်းများသည် သတင်းအမှားများဖြစ်ပြီး သီလဝါဆိပ်ကမ်းတွင် ပြည်ပမှ စက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ် ဆိုက်ကပ်နေကြောင်း၊
သက်ဆိုင်ရာ သိုလှောင်ကန်စခန်းများမှတစ်ဆင့် နိုင်ငံတစ်ဝှမ်းသို့ စက်သုံးဆီများ ဖြန့်ဖြူးပေးနေကြောင်း စစ်ကောင်စီက ယခုရက်ပိုင်း မကြာခဏထုတ်ပြန်နေသည်။