မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုးဆောင်ဘုန်းကြီးကျောင်းအနီးမှာ စစ်ကောင်စီတပ်သားတွေကို ဒေသခံကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြိုင်မြို့နယ်ဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၀ ရက် ဒီနေ့လယ် ၁၁ နာရီ ၃၅ မိနစ်လောက်မှာ မြိုင်မြို့ကနေထွက်လာတဲ့ စစ်သားအင်အား ၃၀ လောက်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ထိတွေ့မှုဖြစ်ပြီးနောက် မီတာ ၂၀၀ ကနေ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“သူတို့ **ကား ၁ စီးနဲ့ အင်အား ၃၀ လောက်ချတယ်၊ အနီးအနားရွာတွေကို မွှေမယ့်သဘောနဲ့ ဆင်းလာတာ။ ကျနော်တို့အဖွဲ့တွေနဲ့ ပစ်ခတ်မှု မိနစ် ၂၀ အကြာဖြစ်တယ်။ နောက်ထပ် မိုင်းပွိုင့် ၅ ပွိုင့်ဆွဲတယ်၊ ၂ ကောင်သေပြီး ၂ ကောင်ဒဏ်ရာရတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြိုင်မြို့နယ်တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။
သေဆုံးသူတွေကို မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေရဲ့ မျက်မြင်တွေ့ရှိချက်အရ အတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီစစ်သားတွေဟာ ခမရ ၁၀၁၊ ခလရ ၂၅၇ နဲ့ ခလရ ၂၅၈ က စစ်သားတွေဖြစ်ပြီး တိုက်ခိုက်ခံရပြီးနောက် မြိုင်မြို့ပေါ်ကို ပြန်သွားကြတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်ကလည်း မြိင်မြို့နယ် အမှတ် ၃ စာသင်ကျောင်း၊ ဘူတာရုံနဲ့ ကိုးဆောင်ဘုန်းကြီးကျောင်းဂိတ်တွေမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်သားတွေကို မြိုင်ပကဖ က ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။