စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ဘေးရှောင်ရင်း ကလေးများအား စာသင်ပေးနေသည့် CDM ကျောင်းအုပ်ဆရာမကြီး တစ်ဦး ကွယ်လွန်ခဲ့ကြောင်း သတင်းရရှိသည်။
ကနီမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ CDM ပြုလုပ်ထားသူ အသက် (၃၁)နှစ်အရွယ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သီတာသည် စစ်ဘေးရှောင်ရင်း ဒီဇင်ဘာပထမပတ်အတွင်း ကွယ်လွန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“သွေးလေးဘက်နာ ရောဂါနဲ့ ဆုံးသွားတာပါ။ ပြည်သူ့အခြေပြုကျောင်းက ကလေးတွေကို စာသင်ရင်း။”ဟု ကနီနယ်မှ တက်ကြွလှုပ်ရှားသူ ကိုပြည့်အောင်နိုင်(ကနီ)က ပြောသည်။
ဆရာမကြီးနေအိမ် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး ဆရာမကြီးသည် စစ်ဘေးရှောင်ရင်း ကလေးငယ်များအား စာဆက်လက်သင်ကြားပေးခဲ့သူဖြစ်ကြောင်း ကိုပြည့်အောင်နိုင်(ကနီ)က ပြောသည်။
ဆရာမကြီး၏ စျာပနာအား ဒီဇင်ဘာ ၈ ရက်ကပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။