အမေရိကန်နိုင်ငံ နယူးယောက်မြို့လယ်ကောင်ရှိ Time Square ရင်ပြင်၌ ယမန်နေ့က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အဖြစ် “လူ့အခွင့်အရေးတွေပြန်ရဖို့ စစ်အာဏာရှင်ကိုအမြစ်ဖြတ်စို့”ခေါင်းစဉ်ဖြင့် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါပွဲကို New York City Burmese Community (NYCBC)မှ ဦးဆောင်ပြုလုပ်ခဲ့ပြီး ဆောင်းတွင်း မိုးရွာသွန်းနေသည့်ကြားမှ ရာသီဥတုကို အံတုပြီး နယူးယောက်ရောက် မြန်မာအများအပြား တက်ရောက်ခဲ့ကြသည်။
ပြည်ပရောက်မြန်မာများက စစ်ကောင်စီအနေဖြင့် အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ပြီး စစ်ဘေးရှောင်စခန်းများ အပါအဝင် အရပ်သားပြည်သူများ၏ အသက်အိုးအိမ်များကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲသတ်ဖြတ်နေမှုအပေါ် UN အပါအဝင် နိုင်ငံတကာမှ ပိတ်ဆို့ကန့်ကွက်အရေးယူပေးရန် ဆန္ဒဖော်ထုတ်ကာ တောင်းဆိုခဲ့ကြသည်။
ထို့အပြင် နွေဦးတော်လှန်ရေးတွင် ပြည်သူများဘက်မှ မားမားမတ်မတ်ရပ်တည်ကာ အကြမ်းဖက်စစ်တပ်ကို ခုခံကာကွယ် တိုက်ပွဲဆင်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ၊ တိုင်းရင်သားညီအကိုများ၏ ခုခံကာကွယ်ရေးတပ်ဖွဲ့များ အောင်ပွဲအလီလီရရှိနိုင်စေရန် ရည်ရွယ်၍ အောင်သပြေလှုပ်ရှားမှုကိုပါ တပါတည်း လုပ်ဆောင်ခဲ့ကြသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီထားသူများအား ချက်ချင်းလွှတ်ပေးရေး၊ ယုံကြည်ချက်ကြောင့် သေဒဏ်ချမှတ်ခံထားရသော ကျောင်းသားပြည်သူများနှင့်အတူ တသားတည်းရပ်တည်ကြောင်း၊ အမျိုးသမီးအခွင့်အရေး မြှင့်တင်ရေး နှင့် ကလေးသူငယ်အခွင့်အရေးအား ကာကွယ်စောင့်ရှောက်ကြရေး စသည်တို့ကိုလည်း တက်ရောက်လာသူအချို့က ဟောပြောခဲ့ကြသည်။
ထို့နောက် မြန်မာ့နွေဦးတော်လှန်ရေးနှင့် ပတ်သက်သော ကြွေးကြော်သံများ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဆိုင်ရာ ကြွေးကြော်သံများကို နိုင်ငံတကာသိစေရန်အတွက် အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။