ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသအခြေစိုက်စစ်တပ်စခန်းတွေကိုတိုက်ခိုက်အောင်မြင်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေကို ဒေသခံတွေက ပန်းကုံးစွပ်ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့သိရပါတယ်။
မုန်းမြို့မှာရှိတဲ့ ခမရ ၅၉၀၊ ခမရ ၅၉၉ တပ်ရင်းဌာနချုပ်တွေနဲ့ မုန်းမြို့မရဲစခန်း၊ မုန်း-သာစည် တံတားကင်းစခန်း၊ ကော့ပြင်းတပ်စခန်းတွေကို ဒီဇင်ဘာလ ၂ ရက်မှာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့ကို ဒေသခံတွေက ပန်းကုံးစွပ်ဂုဏ်ပြုကြိုဆိုတယ်လို့ BPLA က ဓာတ်ပုံနဲ့တကွထုတ်ပြန်ထားတာပါ။
မုန်းဒေသ တိုက်ပွဲအတွင်း ခမရ ၅၉၀ တပ်ရင်းဌာနချုပ်၊ ခမရ ၅၉၉ တပ်ရင်းဌာနချုပ်နဲ့ မြို့မရဲစခန်း၊ မုန်းသာစည်တံတားကင်း၊ ကော့ပြင်တပ်စခန်းတို့ကို KNLA, PDF, BPLA ပူးပေါင်းမဟာမိတ်အဖွဲ့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၀၀ ကျော် သေဆုံးပြီး ၂၁ ဦး လက်နက်ချ အညံ့ခံခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသ ကွပ်ကဲရေးရုံးက ဒီဇင်ဘာလ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။