စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေဖို့ ဖော်ဆောင်နေတဲ့ စစ်ဆင်ရေးတွေကို အပြည့်အဝထောက်ခံကြောင်း ကြားကာလ တက္ကသိုလ်ကောင်စီ ၇၂ ကျောင်းက အခုလ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
တက္ကသိုလ်ကောင်စီတွေက ထောက်ခံတဲ့ အာဏာရှင်စနစ်တိုက်ဖျက်တဲ့ စစ်ဆင်ရေးတွေမှာ ၁၀၂၇ စစ်ဆင်ရေးအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေ အားလုံး ပါဝင်တယ်လို့ ဆိုပါတယ်။
ထုတ်ပြန်ချက်မှာပါဝင်ကြတဲ့ ကြားကာလတက္ကသိုလ်ကောင်စီတွေထဲမှာ တနင်္သာရီတိုင်းက မြိတ်တက္ကသိုလ် ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ၊ ထားဝယ်နည်းပညာတက္ကသိုလ်ကောင်စီ၊ မြိတ်နည်းပညာတက္ကသိုလ် ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ နဲ့ ထားဝယ်ပညာရေးဒီဂရီကောလိပ်ယာယီအုပ်ချုပ်ရေးကောင်စီတို့ ပါဝင်ပါတယ်။
မြိတ်တက္ကသိုလ်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီရဲ့ အဖွဲ့ဝင်တစ်ဦးကတော့ ” တနင်္သာရီဒေသကလည်း စစ်ရေးတွေကို ဖော်ဆောင်နေကြတာပဲဖြစ်တယ်။ အဲ့တော့ ကိုယ့်ဒေသမှာရှိတဲ့ တော်လှန်ရေးအစုအဖွဲ့တွေကိုလည်း အားပေး ထောက်ခံတယ်။ ဒီတော်လှန်ရေးအောင်မြင်ဖို့ကို ဒီဘက်က အင်အားစုတစ်ခုကလည်း အားပေးထောက်ခံနေတယ်ဆိုတာကို သိဖို့မျှော်မှန်းပြီး ပါဝင်ခဲ့တာပါ” လို့ ပြောပြပါတယ်။
စစ်အာဏာရှင် စနစ်ဆိုးကြောင့် စစ်ဘေးဒဏ်သင့်ဒေသတွေ၊ ပဋိပက္ခဇုန်တွေ၊ ဖွံ့ဖြိုးမှုနောက်ကျခဲ့ရတဲ့ နယ်မြေတွေက ပညာရေး အကျိုးအတွက်ကို တက္ကသိုလ်ကောင်စီတွေက ဒေသခံပြည်သူတွေနဲ့အတူ လက်တွဲပူးပေါင်း ပါဝင်သွားမယ် လို့လည်း အဲ့ဒီထုတ်ပြန်ကြေငြာချက်ထဲမှာ ရေးသားထားပါတယ်။
စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်နေတဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ (EROs)၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDFs) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ (LPDFs) တွေရဲ့ ဟန်ချက်ညီညီဆောင်ရွက်ပြီး ရရှိလာတဲ့ ရလဒ်တွေကြောင့် ပြည်သူလူထုတွေရဲ့ လိုလားတဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးပန်းတိုင်သို့ မုချရောက်မယ်လို့ ယုံကြည် ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။