ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကွန်းဖဲ့ရွာအနီးက စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဒီဇင်ဘာ ၁၀ ရက်မှာ ဝင်ရောက်ရှင်းလင်းခဲ့ပြီး သိမ်းမိတဲ့ရိက္ခာတွေကို ပြည်သူထံပြန်ပေးခဲ့တယ်လို့ BPLA က ထုတ်ပြန်ပါတယ်။
အဲ့ဒီစခန်းက စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၇ ရက်နေ့မှာ ဆုတ်ခွာသွားတာကြောင့် KNLA၊ BPLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ ကျန်ရှိတဲ့ အသုံးအဆောင်တွေ၊ ရိက္ခာတွေ၊ စက်ပစ္စည်းတွေကို လိုက်သိမ်းပြီးနောက် ဆန်၊ ဆီ၊ ပဲ စားသောက်ကုန်တွေကို ပြည်သူတွေကို ပြန်ပေးခဲ့တာလို့ သိရပါတယ်။
စခန်းအတွင်းမှာတော့ မိုင်းရှင်းလင်းခြင်း၊ နယ်မြေရှင်းလင်းခြင်း၊ အဆောက်အဦနဲ့ ဘန်ကာတွေကို မီးရှို့ဖျက်ဆီးခဲ့တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
စခန်းတွေကို စွန့်ခွာသွားကြတဲ့ စစ်ကောင်စီတပ်ဟာ မြို့နဲ့အနီးဆုံးမှာရှိတဲ့ စစ်ကောင်စီတပ်တွေဆီ သွားရောက် ပူးပေါင်းကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ထုတ်ပြန်ထားပါတယ်။
ရွှေကျင်မြို့နယ်အတွင်းက တောင်ခြေရင်းစစ်ကောင်စီစခန်းကို နိုဝင်ဘာ ၁၇ ရက်နေ့မှာ KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်လိုက်ပြီးနောက် လုံခြုံရေးအရအထောက်အကူပြုနေတဲ့ ဝင်းကလုံးစစ်ကောင်စီစခန်းမှာရှိတဲ့ ခမရ-၃၅၂ စစ်ကြောင်းဟာလည်း စခန်းကို စွန့်ခွာသွားဖူးပါတယ်။