အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာအနီးရှိ စစ်ကောင်စီဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲအပြင်အထန်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
ကဇူးကိုင်းကျေးရွာအနီး တောဟိန်းတောင်ပေါ် ရှိစစ်ကောင်စီ၏ ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်က ယမန်နေ့(ဒီဇင်ဘာ ၁၂ရက်) ညနေမှ စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့(ဒီဇင်ဘာ ၁၃ရက်) ညနေအထိ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။
အဆိုပါ စစ်တပ်ကုန်းဗျူဟာမှ တိုက်ပွဲမရှိဘဲ လက်နက်ကြီးများနေ့စဥ် အကြောင်းမဲ့ ပစ်ခတ်နေသောကြောင့် အရပ်သားသေဆုံးဒဏ်ရာရရှိမှုများရှိလာ၍ ယခုကဲ့သို့ လက်တုန့်ပြန်ချေမှုန်းရခြင်းဖြစ်ကြောင်း AA သတင်းရင်းမြစ်က ပြောသည်။
စခန်းမကျဆုံးစေရေးအတွက် စစ်ကောင်စီက လေကြောင်းမှ အကြိမ်ကြိမ်လာရောက်ပစ်ခတ်နေကြောင်း ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ အမ်း၊ မြေပုံ၊စစ်တွေ မြို့နယ်များ၌ စစ်ကောင်စီက လေကြောင်း၊ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဒေသခံများကို လူသားဒိုင်းကာအဖြစ် ဖမ်ဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ မင်းပြားမြို့နယ်မှ ဒေသခံ ခုနစ်ဦး၊ စစ်တွေမြို့မှ ဒေသခံ ၃၀ ကျော် ကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ရက္ခိုင့်တပ်တော်က ယမန်နေ့ညက ထုတ်ပြန်ထားသည်။
လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားသုံးဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ဖမ်းဆီးခြင်းများအတွက် ထိုက်သင့်သောတုံ့ပြန်မှုများလုပ်ဆောင်သွားမည်ဟု ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။