စစ်ကောင်စီက ၎င်း၏ အောက်ခြေစစ်သည်များကို ဖုန်းအသုံးပြုခွင့် ပိတ်ပင်လိုက်ပြီး တပ်တွင်းကျန်ရှိနေသူများကိုလည်း တပ်ပြင်ပသို့ လုံးဝပေးမထွက်တော့ကြောင်း တပ်တွင်းသတင်းရင်းမြစ်အချို့က ပြော သည်။
စစ်ကောင်စီ၏အဆိုပါ လုပ်ရပ်သည် တပ်တွင်း သတင်းအမှောင်ချလိုက်ခြင်းဖြစ်ပြီး စစ်ဆင်ရေး နယ်မြေများအတွင်း ရှုံးနိမ့်နေသော ၎င်းတို့၏ ပကတိအခြေအနေကို ဖုံးကွယ်ရန် ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်အချို့က သုံးသပ်သည်။
“အရင်ကထက်ပိုပြီး တပ်တွင်းကြပ်တည်းလာတယ်။ရဲမေတွေက အစ အရင်ကလို တပ်ပြင် မလွှတ်တော့ဘူး။နောက် ဖုန်းတွေဆို အကုန်သိမ်းလိုက်တယ်။သူတို့ယုံကြည်ရတဲ့သူနဲ့ ရုံးထိုင်တဲ့ အရာရှိအဆင့်တွေကိုပဲ ပေးကိုင်ထားတယ်။ပြီးခဲ့တဲ့ တစ်လလောက်အထိ ရဲမေ တွေကို တပ်ပြင် ထွက်ခွင့်ပေးပေမယ့် အခုဆို တပ်ထိန်း တစ်ယောက်ပဲ ထွက်ခွင့်ရှိတော့တာ”ဟု ပဲခူးအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်းတစ်ခုမှ တပ်သားတစ်ဦးက ပြောသည်။
အဆိုပါအခြေအနေကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တော် လှန်ရေးအဖွဲ့အစည်းများထံသို့ ဘက်ပြောင်းရန် စီစဥ်ထား သည့် စစ်ကောင်စီတပ်သားများမှာလည်း အခက်အခဲများရှိနေပြီး အဆက်အသွယ်ပြတ်တောက်မှုများ ကြုံနေရ ကြောင်း တပ်တွင်းသီး ခြားသတင်းရင်းမြစ်က အသိပေးသည်။
“ထွက်ပြေးချင်တဲ့သူတွေက ရှိတယ်။အခုက ရှေ့တန်းရော၊နောက်တန်းမှာပါ စစ်ဘက်ဆက်သွယ်ရေးကလွဲလို့ ကျန်တာ ပေးမသုံးဘူး။အဲဒီတော့ ထွက်ပြေးချင် ရင်တောင် ဘယ်ကို ဆက်သွယ်ရမှန်းမသိကြဘူး ဖြစ်နေတာမျိုးလေ။အဲဒါ
ကြောင့် ရှေ့လျှောက် ရှေ့တန်း တွေမှာ လက်နက်ချ အဖမ်းခံမယ့်သူတွေများလာလိမ့်မယ်”ဟု ၎င်းက ရှင်းပြသည်။
နိုင်ငံတစ်ဝန်းစစ်မျက်နှာစာ အများစုတွင်ရှုံးနိမ့်နေသည့် စစ်ကောင်စီတပ် သည် ယခု ထက်ပိုသည့် တပ်တွင်း တင်းကြပ်မှုများ(သို့မဟုတ်)အရေးယူ မှုများကို လုပ်ဆောင်နိုင်သေးကြောင်းလည်း CDM ပြုလုပ်ထားသည့် စစ်ကောင်စီတပ်ကြပ်ကြီးဟောင်းကိုသူရ က ပြောသည်။
“သူတို့(စစ်ကောင်စီ)က အခု ထောင်ကျနေတဲ့ စစ်သား တွေကို ပြန်ပြီးပွဲထုတ်တာတွေက အရင် ကတည်းက ရှိခဲ့ဖူးတယ်။အခုမှမဟုတ်ဘူး။နောက်ထပ်ဆိုးတာက တပ်ရင်းမှူးတို့ ၊ဗျူဟာမှူးဆိုတဲ့ ကောင်တွေကို ဘယ်လို ရာဇသံပေးလဲ ဆိုရင် သူတို့တိုက်ခိုင်းတဲ့ နေရာကို ရအောင်တိုက်၊ မတိုက်နိုင်ရင် အရေးယူတာ။ရာထူးချတာ တွေ လုပ်လိမ့်မယ်။နောက်ဆုံးတော့ အောက်ခြေ စစ်သားတွေ ထိုးကြွေးခံရတာမျိုးပါပဲ”ဟု ၎င်းကပြောသည်။
ရှမ်းပြည်နယ် ၊နောင်ချိုမြို့အခြေစိုက် တပ်မ ၅၅ တွင်လည်း ကရင်နီပြည်နယ်သို့စစ်ကူပို့လိုက်သော စစ်သားများ တပ်ရင်းတစ်ရင်းလုံးနီးပါး တိုက်ပွဲတွင်သေဆုံးခဲ့ပြီးနောက် တပ်တွင်းဖုန်းအသုံးပြုခွင့် ပိတ်ခဲ့သလို ၊ ငွေရှိလျင် တပ်မှ ထွက်ပြေးကြ၍ Kpay အသုံးပြုခွင့်ကိုပင်ပိတ်ခဲ့ ကြောင်း တပ်မ ၅၅ မှ ရင်းမြစ်အချို့က ပြောသည်။
ထိုအပြင် ရန်ကုန်မြို့ဆင်ခြေဖုန်းရပ်ကွက်တစ်ခုမှ လူငယ်တစ်ဦးမှာ အလုပ်ရှာရာမှ လိမ်၍ စစ်ကောင်စီတပ် အတွင်း အဓမ္မဝင်ရောက်စေပြီး တပ်မှထွက်ပြေးမည်စိုး၍ ဖုန်းများသိမ်းထားကာ တပ်မှဘအရာရှိအချို့သာ ဖုန်းကိုင်ဆောင်ခွင့်ရကြောင်း မိသားစုဝင် တစ်ဦးကပြောသည်။