ပဲခူးတိုင်း၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များက အုတ်ဖိုမြို့နယ်အတွင်း နယ်မြေကွင်း ဆင်းပြီး ဒေသခံပြည်သူများကို လိုက်လံတွေ့ဆုံခဲ့တယ်လို့ မြေအောက်ပြောက် ကျားတပ်ဖွဲ့ – အုတ်ဖိုက ဒီနေ့ မှာ အသိပေးထုတ်ပြန်ထားပါတယ်။
အုတ်ဖို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များက ဒီဇင်ဘာ ၁၀ ရက်နေ့မှာ နယ်မြေကွင်းဆင်း ခဲ့ပြီး၊ ဒေသခံပြည်သူများနဲ့ ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံကာ၊ ပြည်သူများအား တိုက်ပွဲများ ဖြစ်ပွားလာရင် ကြိုတင်ဆောင်ရန်၊ ရှောင်ရန်များ သိသင့်သိထိုက်တာများကို ပြောကြားသွားခဲ့ ပါတယ်။
ဒါအပြင် ဒေသခံများအား အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုများ ကြုံတွေလာပါက သတိထားရမယ် အချက်များအား ပညာပေးပြောကြားသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံပြည်သူတွေကလည်း တော်လှန်ရေးရဲဘော်များ မိမိတို့ဒေသကို အခုလို ရောက်ရှိလာတာကို ဝမ်းသာကြိုဆိုကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ ကျန်းမာပါစေကြောင်း ဆုတောင်းစကားများ ပြန်လည်ပြောကြားခဲ့ပြီး၊ ပြည်သူများသိလိုတဲ့ မေးမြန်းချက်များကို တပ်ဖွဲ့တာဝန်ရှိသူမှ ရှင်းလင်းပြောကြားပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။