ထိုင်းအစိုးရက ဖမ်းဆီးထားသော မင်းအောင်လှိုင်၏ လူယုံ မူးယစ်ရာဇာ ထွန်းမင်းလတ်နှင့် ဆက်စပ်နေသည့် ထိုင်းအထက်လွှတ်တော်အမတ် Upakit Pachariyangkun ကို ထိုင်းတရားရုံးက မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု အပါအဝင် အမှု ၆ ခုဖြင့် တရားစွဲဆိုလိုက်ကြောင်း သိရှိရသည်။
ယမန်နေ့ ဘန်ကောက်မြို့ရှိ ထိုင်းရာဇဝတ်တရားရုံးက ထိုင်းအထက်လွှတ်တော်အမတ် Upakit Pachariyangkun ကို မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုအဖွဲ့တွင် ပါဝင်ပတ်သက်မှု အပါအဝင် စွဲ ချက်ခြောက်ခုဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အသက် ၆၂ နှစ်ရှိ ထိုင်းအထက်လွှတ်တော်အမတ် Upakit က စွဲချက်အားလုံးကို ငြင်းဆိုထားပြီး လက်ရှိတွင် ဘတ် ၁၀ သန်း (ဒေါ်လာ ၂၈၇၀၀၀ ဝန်းကျင်) အာမခံဖြင့် ဖမ်းဆီးခြင်းမခံရဘဲ ပြင်ပမှ တရားရင်ဆိုင်ရမည်ဖြစကြောင်း သိရှိရသည်။
မင်းအောင်လှိုင်၏ လူယုံ မူးယစ်ရာဇာ ထွန်းမင်းလတ်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ဘန်ကောက်တွင် ဖမ်းဆီးခံခဲ့ရပြီး ထိုင်းလွှတ်တော်အမတ် Upakit ၏ သမက် Dean Gultula၊ Upakit ၊အခြားထိုင်းနိုင်ငံသား ၂ ဦးလည်း ၎င်းနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ထွန်းမင်းလတ် အပါအဝင် ၄ ဦးကို မူးယစ်ဆေး ဝါးအမှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများတွင် ပါဝင်ပတ်သက်မှုတို့ဖြင့် ထိုင်းအစိုးရက တရားစွဲဆိုခဲ့သည်။
မူးယစ်ရာဇာ ထွန်းမင်းလတ်ကို ဖမ်းဆီးစစ်ဆေးစဉ် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ သိမ်းဆည်း ရရှိခဲ့ပြီး မင်းအောင်လှိုင်၏ သမီးခင်သီရိသက်မွန်၏ ဘဏ်စာအုပ် နှင့်မင်းအောင်လှိုင်၏ သားအောင်ပြည့်စုံ ပိုင်ဆိုင်သော တိုက်ခန်း ပိုင်ဆိုင်မှုများကိုပါ ထွန်းမင်းလတ်ထံမှ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
လွန်ခဲ့သည့်လတွင် ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံးက ထိုင်းလွှတ်တော်အမတ် Upakit ၏ပိုင်ဆိုင်မှု ဘတ်သန်း ၄၀၀ ကျော် (ဒေါ်လာ ၁၁ ဒသမ ၅ သန်း) ကို တရားမဝင် စီးပွားရေးနှင့် ဆက်နွှယ်နေသည်ဟု သံသယဖြင့် သိမ်းဆည်းခဲ့ကြောင်း ၊ ယင်းနောက် ထပ်မံ မူးယစ်ဆေးဝါးမှုနှင့် ငွေကြေးခဝါချမှုတွင် သူပါဝင်ပတ်သက်ဆိုသော သံသယဖြင့် ဘတ် ၂၈၅ သန်း (ဒေါ်လာ ၈.၂ သန်း)ကိုလည်း ထပ်မံ သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။