မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တာဝန်ခံတွေက ညှင်းပန်းနှိပ်စက်နေတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဒီနေ့မနက်ပိုင်းမှာ အသိပေးပါတယ်။
အသစ်ပြောင်းလာတဲ့ ထောင်တာဝန်ခံအရာရှိနဲ့ ဦးစီးအရာရှိ တို့ဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ညှင်းပန်းနေတာလို့ ဆိုပါတယ်။
အိပ်ဆောင်ထဲကို ထောင်ပိုင်လာတဲ့အခါ မင်္ဂလာပါလို့ မနှုတ်ဆက်တဲ့အတွက် အကျဉ်းသားတွေကို ကွင်းပြင်မှာ ပုံစံထိုင်ခိုင်းပြီး ဆဲဆိုတာ ၊ ထောင်အာဏာပိုင်တွေ အိပ်ဆောင်ထဲ ဝင်လာချိန်မှာ အကျဉ်းသားတွေရဲ့ အိပ်ရာ၊ စောင် ၊အဝတ်အစားတွေကို ဖိနပ်နဲ့တက်နင်းတာတွေပြုလုပ်တာကို သိရှိရတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဆိုပါတယ်။
ဒီလုပ်ရပ်တွေကို မလုပ်ဖို့ ထောင်တာဝန်ခံအရာရှိနဲ့ ဦးစီးအရာရှိကို သွားရောက်တွေ့ဆုံပြောဆိုတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း တစ်ဦးချင်းစီ ထောင်ပိုင်ရုံးခန်းထဲ ခေါ်ပြီး အရိုက်ခံရတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ရဲ့ ဒီမနက် အသိပေးချက်မှာဖော်ပြထားပါတယ်။
မုံရွာထောင်တွင်း အကျဉ်းကျနေတဲ့ မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကိုလည်း ထောင်အာဏာပိုင်တွေက ခြိမ်းခြောက်တာတွေရှိတယ်လို့ သိရပါတယ်။
ထောင်တာဝန်ခံအရာရှိ ဦးဇော်မြင့်ဦး တာဝန်ယူချိန်ကစပြီး အကျဉ်းကျနေတဲ့သူတွေကို ညှင်းပန်းမှုတွေအပြင် ထောင်ဝင်စာလာပို့တဲ့မိသားစုဝင်တွေကိုလည်း ထောင်ဝန်ထမ်းတွေက ငေါက်ငမ်းတာ တွေလည်း ရှိလာတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ကပြောပါတယ်။
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရာမှာ လူသိများတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မုံရွာထောင်မှာ ထိန်းသိမ်းထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အကျဉ်းသားအခွင့်အရေးအတွက် မုံရွာထောင်မှာ နိုင်ငံရေးအကျဉ်းသား ၅၀ နီးပါး အစာငတ်ခံဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။
ထောင်အာဏာပိုင်တွေက အစောပိုင်းမှာ ဆန္ဒပြတောင်းဆိုချက်တွေကို လိုက်လျောပေးခဲ့ပေမယ့်တစ်လကျော်အကြာမှာ တော့ ဆန္ဒပြရာမှာပါဝင်သူတွေကိုလျော့ရက်ပိတ်တာ ၊ ပုဒ်မထပ်တိုးတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။