ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအနီးရှိ တာပြတ်တံတားက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ Fire Drgon အဖွဲ့ဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၅ ရက် မနက် ၅ နာရီကျော်မှာ အင်အား ၂၅ ဦးလောက်ရှိနေတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို သွားရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ လောက် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ဘက်က အလစ်အငိုက်သွားတိုက်တာ။ သူတို့ဘက်က အငိုက်မိသွားလို့ ချက်ချင်း ပြန်မပစ်နိုင်ဘူး။ ၁၀ မိနစ် လောက်ကြာမှ (လက်နက်) အကြီးအသေးအစုံပဲ ပြန်ပစ်တာ”လို့ Fire Drgon တပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပြီး ဒီအရေအတွက်ကို မြေပြင်သတင်းပေးတွေရဲ့ သတင်းပေးပို့ချက်အရ အတည်ပြုနိုင်ခဲ့တာလို့ဆိုပါတယ်။
ထိခိုက်သေဆုံးသွားသူတွေကို ကျန်စစ်ကောင်စီအဖွဲ့တွေက ညောင်လေးပင်ဆေးရုံကို သယ်ဆောင်သွားခဲ့ကာ သယ်သွားတဲ့ အချိန်မှာလည်း ညောင်လေးပင်-မဒေါက်သွား ကားလမ်းကို စစ်သားတွေက နှစ်နာရီလောက် ပိတ်ထားခဲ့တယ်လို့ Fire Drgon တပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။
နိုဝင်ဘာ ၁၀ ရက်ကလည်း ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာနဲ့အင်ဝိုင်းကျေးရွာအနီးက စစ်ကောင်စီနေရာ ၃ ခု တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ ၁၀ ဦးကျော်ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။