တအာင်းပြည်နယ် တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့၊ ပေါက်တိုက်မရပ်ကွက်ရှိ စစ်ဘေးရှောင် (၂၆၀)ကျော် ခိုလှုံနေသည့် ဇေယျသုခဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့ ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ(၄း၅၀)အချိန်တွင် ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA ကသတင်းထုတ်ပြန်လိုက်သည်။
ထိုဇေယျသုခဘုန်းတော်ကြီးကျောင်းတွင် နမ့်ခမ်းမြို့နယ်က လာရောက်စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်ဦးရေ (၂၆၂)ဦးရှိသည်။ ထိုကဲ့သို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုရင်ငယ်တစ်ပါး ကျဉ်စထိမှန်ဒဏ်ရရှိခဲ့ပြီး ဘုန်းတော်ကြီးကျောင်းဆောင်အများအပြား ထိခိုက်ပျက်စီးသွားခဲ့သည်။
အလားတူ မူဆယ်မြို့နယ် အထက်တုန်ခန်ကျေးရွာ နှင့် နမ့်ခုမ်ကျေးရွာအနီးသို့ ယမန်နေ့ (၁၀း၃၀)အချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကောင်းရာကျေးရွာအနီးသို့ Y12 လေယာဉ်ဖြင့် ဗုံး (၆)လုံး လာရောက်ပစ်ခတ်ခဲ့သည်။