အမေရိကန် ပြည်ထောင်စု Department of State မှ အရာရှိများနှင့် NUG အစိုးရ နိုင်ငံခြားရေး ဒုတိယဝန်ကြီး၊ လူ့အခွင့်အရေး ဒုတိယဝန်ကြီးတို့ ဒီဇင်ဘာလ ၁၅ ရက်နေ့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ လူ့အခွင့်အရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် အဖွဲ့သည် အမေရိကန် ပြည်ထောင်စု Department of State ရုံး၌ Bureau of Democracy, Human Rights and Labor ၏ Acting Deputy Assistant Secretary ဖြစ်သော Allison Laura Peters ဦးဆောင်သည့် Office of Assistance for East, South, and Central Asia Bureau of Population, Refugees and Migration ဌာန၊ Office of Global Criminal Justice ဌာန၊ Bureau of Democracy, Human Rights and Labor နှင့် Office of Mainland Southeast Asia, Bureau of East Asian and Pacific Affairs ဌာနမှ အရာရှိများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများ၊ နေရပ်စွန့်ခွာ စစ်ဘေးရှောင် နေရသည့် ပြည်သူလူထုနှင့် အကူအညီပေးရေးကိစ္စများ၊ အခြားနိုင်ငံများသို့ လှေဖြင့် ထွက်ပြေး တိမ်းရှောင်ကြသည့် ရိုဟင်ဂျာဒုက္ခသည်များ၊ ရိုဟင်ဂျာများ၏ လက်ရှိအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။