မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းရဲ့ အသက် ၈၀ အရွယ် ဖခင်ဖြစ်သူကို စစ်တပ်က အင်အားသုံးဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ဒီဇင်ဘာ ၁၆ ရက် ဒီနေ့မနက် ၆ နာရီလောက်မှာ မတ္တရာမြို့တွင်းရှိ နေအိမ်မှာပဲ စစ်တပ်က ကားနဲ့လာရောက်ကာ အဓမ္မဆွဲခေါ် ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
” ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိရဘူး။ အသက်အရွယ်ကြီးရင့်နေတဲ့လူတယောက်ကို စကစက ဒီလိုမျိုး အတင်းအဓမ္မ ဖမ်းဆီးသွားတာ။ မိသားစုဝင်တွေရော၊ မြို့ခံတွေရောက စိုးရိမ်နေကြတယ်”လို့ မတ္တရာမြို့ခံတဦးက ပြောပါတယ်။
တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦမင်းမင်းဟာ စစ်အာဏာသိမ်းပြီးနောက် နေအိမ်ကရှောင်တိမ်းနေတာ ၂ နှစ်ကျော်ရှိပြီ ဖြစ်ပြီး မိသားစုနဲ့လည်း အဆက်အသွယ်ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၊ MDY-PDF တပ်ဖွဲ့အပါအဝင် မတ္တရာမြို့နယ် အရှေ့ခြမ်းက ပြည်သူ့တော်လှန်ရေးပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေးကြေညာပြီး စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခံရ ပြီးတဲ့နောက်မှာ စစ်ကောင်စီက ယခုလိုအရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာနဲ့ ဖမ်းဆီးတာတွေလုပ်လာတာလို့ မြို့ခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာလည်း မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၉ ဦးသေဆုံးခဲ့သလို ဒီဇင်ဘာလမှာလည်း အမျိုး သမီး ၃ ဦး သေဆုံးပြီး ကလေးငယ်ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။