စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ နေပူကုန်းကျေးရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်း စစ်တပ်က ဘုတလင်မြို့နယ်၊ နေပူကုန်းကျေးရွာကို စစ်ကြောင်းထိုး၀င်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂ လုံး မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။
“မနက် ၆ နာရီမှာ စစ်ကြောင်းထိုးလာတယ်။ ရွာထဲ ကသူတို့လိုချင်တာယူပြီး အိမ် ၂ လုံးမီးရှို့သွား တယ်”ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ စစ်ကြောင်းသည် နံနက် ၇ နာရီအချိန် ဘုတလင်မြို့ ထဲပြန်ဝင်သွားပြီး အနီးပတ် ၀န်းကျင်ရွာတွေကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီးထိမှန်၍ ဒေသပြည်သူတချို့ ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“ရဲစခန်းထဲကနေလက်နက်ကြီးတွေနဲ့ ပစ်တာ။ လွှဲတဲရွာတောင်ဘက် စပါးရိတ်နေတဲ့နေရာနား ကျလို့ မိန်းကလေး(၁)ယောက်ဒဏ်ရာရတာရှိတယ်။မစိုးရိမ်ရပါဘူး”ဟု ဘုတလင်ဒေသခံတစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့မှစတင်ပြီး စစ်တပ်က ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးမှုအပါအဝင် စစ်ရေး လှုပ်ရှားမှုများ လုပ်ဆောင်လာကြောင်း သိရှိရသည်။