စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့အနီးကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဓာတုအဆိပ်ဗုံးများပါ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ABSDF မြောက်ပိုင်းတိုင်း ထောက်လှမ်းရေးတာဝန်ခံ ကိုစောက ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီခန့်က မြစ်ကြီးနားမြို့မှ ဆင်းလာသော ဂျက်ဖိုက်တာ တိုက်လေယာဉ် ၂ စီးဖြင့် ထီးချိုင်မြို့ပတ်ဝန်းကျင်ကို ပေါင် ၅၀၀ ဗုံး အသုံးပြုကျဲချတိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူများ၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များ ထိခိုက် ဒဏ်ရာရရှိမှု မရှိသော်လည်း ဗုံးငွေ့ ရှုမိသော ရဲဘော်များမှာ မူးဝေခြင်း၊ အော့အန်ခြင်းများဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။
“လူထိခိုက်မှုတော့ မရှိဘူး၊ သူတို့ချသွားတဲ့နေရာတွေက ကျောက်စေတီတောင်ရိုးတောင်ခြေရယ်၊ ဖက်တောင်ရယ်ကို ချသွားတယ်၊ ထိခိုက်မှုကမရှိဘူး၊ ဒါပေမယ့် ဗုံးသီးကနေ ထွက်လာခဲ့တဲ့ ဂစ်ငွေ့ ရှုရှိုက်မိလို့ ထင်ပါတယ်၊ နေ့လယ်ပိုင်း၊ ညနေပိုင်းကျတော့ ရဲဘော်တွေ မူးဝေအော့အန့်တာမျိုးတွေ ဖြစ်လာတယ်ဗျ၊ ဒါတွေက TNLA ဘက်မှာလည်း ဒီလိုတွေ ကျဲထားတဲ့ သာဓကတွေရှိပါတယ်ဗျ၊ အခု လည်း ထီးချိုင့်ဘက်မှာ သုံးတယ်လို့ပြောလို့ရတာပေါ့၊” ဟု ABSDF မြောက်ပိုင်းတိုင်း ထောက်လှမ်း ရေးတာဝန်ခံ ကိုစောက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်က ဓာတုအဆိပ်ဗုံးအသုံးပြုတိုက်ခိုက်မှုကြောင့် မူးဝေအော့အန်ခြင်းဖြစ်ပေါ်ခဲ့ သည့် ရဲဘော်များကို ကျန်းမာရေး ဆေးကုသမှုပေးနေကြောင်း၊ ထီးချိုင့်မြို့နယ်အတွင်း၌ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ငယ်များဖြင့် ကြိုးကြားကြိုးကြား တိုက်ပွဲဖြစ်ခြင်း၊ ဒရုန်းဖြင့် တိုက် ခိုက်ခြင်းတို့ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။