ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ မူတြော်ခရိုင်အတွင်း၌ ဒီဇင်ဘာလ လဝက်အတွင်း တိုက်ပွဲပေါင်း ၆၂ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးကာ ၃၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း မူတြော်သတင်းစဉ် က ထုတ်ပြန်သည်။
ဒီဇင်ဘာလ ၁ ရက် နေ့မှ ၁၅ ရက် အထိ အကြမ်းဖက်စစ်ကောင်စီနှင့် KNLA-ကရင်အမျိုးသား လွတ် မြောက် ရေးတပ်မတော်၊ အမှတ် ၅ တပ်မဟာလက်အောက်ခံ တပ်ရင်းတို့ကြား နေ့စဉ်နဲ့အမျှ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၆၂ ကြိမ်ဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးပြီး ၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်း ထိခိုက် ဒဏ်ရာရရှိသူများများတွင် တပ်ကြပ်အဆင့်ရှိသူတစ်ဦး ပါဝင် ကြောင်းသိရသည်။
ထို့အပြင်အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဖက်ဆိုင်ရာ အဆောက် အဦး ၁၄ လုံး ဖျက်ဆီး နိုင်ခဲ့ ကြောာင်း၊ KNLA အမှတ် ၅ တပ်မဟာတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုတစုံတရာ မရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ လူသောမြို့နယ်အထက်ပိုင်းဒေသအတွင်းသို့ လေကြောင်းမှ ၉ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုများအနက် အကြီးစားဗုံဆံ ၂ လုံးပစ်ချပြီးသည်နှင့် တပြိုင်နက် အကြီးစား စက်သေနတ် အမြောက်အများပစ်ခတ်ခဲ့ရာ နေအိမ်အဆောက်အဦး ၄ လုံး၊ ဘုရားကျောင်း ၁ ကျောင်း၊ ဝတ်ပြု ဆုတောင်းပြုခြင်း အဆောင် ၁ ဆောင်၊ စပါးကျီတစ်လုံးနှင့် ဆိုင်ကယ်တစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ မြေပြင်မှလည်း လက်နက်ကြီးဖြင့် အလုံးပေါင်း ၁၁ လုံးတိတိ အပြစ်မဲ့ ပြည်သူ များနေ ထိုင်ရာ ရပ်ရွာအတွင်းသို့ တမင်ရည်ရွယ်ပစ်ခတ်ခဲ့ကြောင်း မူတြော်ခရိုင်က ထုတ်ပြန်ထားသည်။