စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးပြီး အနီးအနားရှိ ကျေးရွာများကိုလည်း သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းနေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်အစောပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ်ရှိ အောင်ချမ်းသာရွာကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးပြီးနောက် ပင်စီရွာကို သေနတ်များ ပစ်ခတ်ကာ ထပ်မံ ဝင်ရောက်စီးနင်းပြီး လက်ရှိချိန်တွင် နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
” ဒီနေ့မနက် မစိုးရိမ်ရွာကနေ ဒီပဲယင်းနယ် အရှေ့ခြမ်း အောင်ချမ်းသာရွာကိုဝင်ပြီး စစ်ခွေးတွေ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတယ်။ အနီးအနားက ပင်စီရွာကို လက်နက်တွေ ပစ်ခတ်ပြီး ဝင်စီးနေတယ်။ အခုလက်ရှိ ရွာထဲက နေအိမ်တွေကို မီးရှို့နေပြီလို့ ထပ်သိရတယ်။ ရေဦး အနောက်ခြမ်းနဲ့ ဒီပဲယင်းအရှေ့ခြမ်းက ကျေးရွာတွေ ထပ်မံ ထွက်ပြေးနေကြရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
လက်ရှိချိန်တွင် ရေဦးနှင့် ဒီပဲယင်း နယ်စပ်ရှိ မစိုးရိမ်ရွာ၊ အောင်သာရွာ၊ ပျော်ဘွယ်ရွာ၊ အောင်ချမ်းသာရွာ၊ ရွာရှည်ရွာ၊ ပင်စီရွာနှင့် ခွန်တောင်းတို့မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ထို့ပြင် ဒီပဲယင်းမြို့ပေါ်ရှိ Non CDM ဝန်ထမ်းများ၊ ပျူစောထီးများ မိသားစုဝင်များနှင့် ရဲမိသားစုဝင်များ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ရေဦးမှ ဒီပဲယင်းကို ရိက္ခာလာပို့သည့် မြေသယ်ကား ၃စီးဖြင့် အကြမ်းဖက် စစ်တပ်က ရေဦးမြို့ကို ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
” အရင်ရက်ကတည်းက ရေဦးကို ပြောင်းရွေ့ချင်တဲ့သူတွေကို စာရင်းလိုက်ကောက်နေတယ်လို့ သတင်းရတာ သူတို့ ကောက်ထားတဲ့ စာရင်းထဲက လူအတိုင်း ရေဦးကိုခေါ်သွားတယ်လို့ ခန့်မှန်းရပါတယ်။ ဒီပဲယင်းမှာ Non CDM တွေ၊ ပျူစောထီးတွေ ကျန်မကျန်တော့မသိရသေးဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။