ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ စစ်ကောင်စီတပ် ဗျူဟာကုန်းနှင့် ဗျူဟာလုံခြုံရေးစခန်းအထိုင်ချထားသည့် ရပ်ကွက်များမှ ပြည်သူများကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောင်းရွှေကြရန်အသိပေးထားကြောင်း ဒေသခံများက ပြောသည်။
ကွတ်ခိုင်မြို့ ရပ်ကွက် ၅ နှင့် ရပ်ကွက် ၁ တွင် နေထိုင်သူပြည်သူများကို ပြောင်းရွှေ့ခိုင်းသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ထိုသို့ပြောဆိုမှုကြောင့် ရပ်ကွက်နေပြည်သူအချို့က နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များသို့ တိမ်းရှောင် နေကြကြောင်း သိရသည်။
ရပ်ကွက် ၁ တွင် ဗျူဟာကုန်းရှိပြီး ရပ်ကွက် ၅ တွင် ဗျူဟာလုံခြုံရေးအတွက်ချထားသည့် စခန်းငယ်များရှိသည်ဟု ဒေသခံ၏ပြောပြချက်အရ သိရသည်။
စစ်ကောင်စီသည် ရှမ်းပြည်မြောက်ပိုင်းရှိ မြို့ဗျူဟာကုန်းများကို တစ်ခုပြီးတစ်ခု လက်လွှတ်နေရပြီး ကွတ်ခိုင်မြို့ စစ်ဗျူဟာကုန်းသာကျန်ရှိနေသည်ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောသည်။