ပြည်သူလူထုတရပ်လုံး ဆင်နွှဲလျက်ရှိသည့် ခုခံတွန်းလှန်စစ်တွင် စွန့်လွှတ်အနစ်နာခံပေးဆပ် တိုက်ပွဲဝင်လျက်ရှိသည့် တအာင်းလူမျိုးခေါင်းဆောင်များနှင့်တကွ ပြည်သူတစ်ရပ်လုံးကို ဦးညွှတ်ဂုဏ်ယူကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန က သဝဏ်လွှာပေးပို့ ပြောကြားသည်။
ယမန်နေ့ (ဒီဇင်ဘာ ၁၆ရက်)တွင် ကျရောက်သော ၂၇၁၅ နှစ်မြောက် တအာင်းနှစ်သစ်ကူးနေ့သို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခဲ့ရာ ယင်းသဝဏ်လွှာကို တအာင်းတပ်မတော်(TNLA)က ယနေ့ ဖော်ပြခဲ့သည်။
နွေဦးတော်လှန်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်ကို ဟန်ချက်ညီ အရှိန်မြှင့်လျက် ဘုံရန်သူ အကြမ်းဖက်စစ်တပ်ကို ဖယ်ရှားပြီး တအာင်းလူမျိုးများနှင့် ပြည်သူလူထုတရပ်လုံး မျှော်ရည်သည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်ရန်အတွက် အတူတကွ ကြိုးစားဆောင်ရွက် အောင်မြင်နိုင်ပါစေဟုလည်း NUG ကာကွယ်ရေးက သဝဏ်လွှာပေးပို့သည်။
တအာင်းလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများကို မပျောက်မပျက် ထိန်းသိမ်း စောင့်ရှောက်နိုင်ပြီး ပို၍ မြှင့်တင်နိုင်ပါစေဟုလည်း ဖော်ပြထားသည်။
တအာင်းတပ်မတော်(TNLA)သည် NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) အချို့နှင့် လက်တွဲပြီး ၁၀၂၇ စစ်ဆင်ရေးကာလတွင် စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။