ပျူစောထီးရွာဟုလူသိများသည့် ဂန့်ဂေါမြို့နယ် မြောက်ခင်ရမ်းကျေးရွာမှ ဒေသခံများမှာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ရန်ကြောက်၍ ရွာစွန့်ခွာထွက်ပြေးသွားကြောင်း သတင်းရရှိသည်။
“ရွာမှာ မနေရဲကြတော့လို့တဲ့။ ထွက်ပြေးလာကြတာ။ ငါးရက်အတွင်း ၁၉၃ ဦး ရှိနေပြီ။ ရွာမှာက ပျူစောထီ၊ စစ်သားတွေနဲ့ စကစမိသားစုတချို့ပဲကျန်တော့တယ်”ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
မြောက်ခင်ရမ်းရွာမှ ဒေသခံများသည် ဒီဇင်ဘာ ၁၂ရက်မှစ၍ ထွက်ပြေးလာခြင်းဖြစ်သည်။
ဒီဇင်ဘာ ၁၈ရက်အထိ ၁၉၃ဦး ထွက်ပြေးလာသည်ဟု သိရသည်။
“တသုတ်က၁၄၀ လောက်ထွက်လာတာ။နောက်ထွက်မယ့်သူတွေကို ထွက်ခွင့်မပေးတော့ဘူးကြားတယ်”ဟု ဂန့်ဂေါမြို့ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံများသည် ပြိုလဲတော့မည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ၏ အုပ်ချုပ်မှုအောက်တွင် မနေရဲကြတော့သဖြင့် ရွာအားစွန့်ခွာထွက်ပြေးနေကြခြင်းဟု ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ထို့အပြင် ထွက်ပြေးလာသူများအတွက် အရေးပေါ်လိုအပ်သည့် အခြေခံရိက္ခာများ၊ ခြုံစောင်များ၊ အနွေးထည်များနှင့်အခြား အကူအညီများ ကူညီဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။