စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ကောင်စီတပ်သားများနှင့်ပျုစောထီးများအား သုံးရက်ဆက် တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်း PDF အဖွဲ့များက ပြောသည်။
ယနေ့ (ဒီဇင်ဘာ!၁၈ ရက်)နံနက် ၁၁နာရီခွဲခန့်က တောပုပျူစောထီးကျေးရွာမှ ရိက္ခာပို့ပြန်လာသော ပျူစောထီးများ၏ ယာဉ်တစ်စီးအား စစ်ဆေးရန် Area 71 PDF အဖွဲ့က တားဆီးခဲ့သည်။
သို့သော် ကားမှာ ရပ်တန့်ခြင်းမရှိဘဲ မောင်းပြေးသောကြောင့် လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဥ်မောင်းဘေးရှိ ပျူစောထီးတစ်ဦး၊နောက်ခန်း၌ လိုက်ပါလာသူ လေးဦးအနက် တစ်ဦး၊ စုစုပေါင်း ပျူစောထီး နှစ်ဦး နေရာတင် ပွဲချင်းပြီးသေဆုံးကြောင်း Area 71 PDF အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
“ကျွန်တော်တို့ဘက်က စစ်ဖို့တားတာ။ သူတို့က ပစ်ပြေးပြေးလို့ လိုက်ဆော်ကြတာ။ မုံရွာဘက်ပြန်မယ့်ကားဗျ။ ပျူတွေပဲပါတာ။ သူတို့ကျတာက မျက်မြင်တွေ့ရတာပါ။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
အလားတူ ယမန်နေ့ (ဒီဇင်ဘာ ၁၇ ရက်)နံနက် ၈ နာရီခွဲခန့်က မုံရွာမြို့အထွက်ရှိ အမှတ် (၁၆) ခြေမြန်တပ်ရင်းအတွင်း လည်းကောင်း၊ ဒီဇင်ဘာ၁၆ ရက် ည ၇ နာရီမှ ၇ နာရီခွဲအတွင်း မုံရွာမြို့၊ နတ်လူထိပ်ပန် ရပ်ကွက်ရုံးရှိ စစ်ကောင်စီတပ်သားများနှင့် မုံရွာ -မန္တလေးလမ်းဘေး စက်မှုဇုံလမ်းခွဲအနီး အထက်တန်း ကျောင်းဝင်းအတွင်း ကင်းပုန်းဝပ် စစ်သားများကို လည်းကောင်း၊ လက်ပစ်ဗုံးတစ်လုံးစီ ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force – Monywa တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုက်ခိုက်မှု သုံးကြိမ်အတွင်း နတ်လူထိပ်ပန်ရပ်ကွက်ရုံးပေါက်ကွဲမှုတွင် စစ်သားနှစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
“နတ်လူထိပ်ပန်ရုံးမှာက ဘန်ကာရှေ့ထိ ကျရောက်ပေါက်ကွဲခဲ့တာပါ။”ဟု Golden Eagle Force – Monywa တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
မုံရွာမြို့ပေါ်စစ်ဆင်ရေးများကို Goldern Eagle Force – Monywa အဖွဲ့နှင့် မုံရွာမြို့ပြ UG တပ်ဖွဲ့ တို့ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်တပ် ဂိတ်၊ စခန်းများနှင့် ဝေးရာနေရာများမှ ရှောင်ရှားသွားလာနေထိုင်ကြရန် Goldern Eagle Force – Monywa အဖွဲ့က မေတ္တာရပ်ခံထားသည်။