ရေဖြူမြို့နယ်ထဲက ဆိုင်ကယ်စီးခွင့်ပိတ်ခံထားရတဲ့ ကံပေါက်ဒေသမှာ အရပ်သားလေးဦးကို သူတို့ရဲ့နေအိမ်တွေထဲ စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေက မိကျောင်းအိုင်ရပ်ကွက်နေ အသက် ၅၀ ဝန်းကျင်အရွယ် ကိုသားကြီးနဲ့ မတင်တင်ဝေတို့ ဇနီးမောင်နှံ၊ လှည်းကုန်းရပ်ကွက်နေ မသန်းသန်းစိုးနဲ့ မဂ္ဂင် ရပ်ကွက်နေ အသက် ၃၈ နှစ်အရွယ်ရှိသူ မသဲစုမိုးတို့ ဖြစ်ပါတယ်။
မနေ့က ညသန်းခေါင်အချိန် ၁၂ နာရီဝန်းကျင်လောက်မှာ သူတို့ရဲ့ နေအိမ်အသီးသီးကို စစ်ကောင်စီတပ်က တပ်ကားငယ်နှစ်စီးနဲ့ လာရောက်ကာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ သုံးရက်ခန့်က ဖြစ်ခဲ့တဲ့ မောရဝတီရေတပ် စခန်းဌာနချုပ်ကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဒေါန တပ်ခွဲ-၄)က ဒရုန်းနဲ့ တိုက်ခိုက်တဲ့ ဖြစ်စဉ်ပြီးနောက်မှာ အခုလို ဖမ်းဆီးတာတွေ ဆောင်ရွက်လာတာပါ။ စစ်ကောင်စီတပ်ဟာ သူတို့ခံလိုက်ရလို့ အရပ်သားတွေကို ဖမ်းတာဖြစ်နိုင်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ခန့်မှန်းပါတယ်။
ဖမ်းဆီးခံရသူအားလုံးဟာ ကုန်တင်ကားမောင်းသူ၊ ကုန်စုံဆိုင်ရောင်းချတာနဲ့ ဆိုင်ခန်းငှားတာ စတဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းလုပ်ကိုင်နေသူတွေဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သူတို့ကို ဖမ်းဆီးချိန်မှာ သူတို့အားလုံးရဲ့ ဖုန်းတွေကိုလည်း တပါတည်းသိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
ဖမ်းဆီးခံရသူ လေးဦးစလုံးကို ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကို အတိအကျမသိရပေမယ့် မောရဝတီ ရေတပ်စခန်းဌာနချုပ်မှာဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။
ကုန်တင်ကားမောင်းသူ ကိုသားကြီးရဲ့ဖုန်းကိုစစ်ဆေးရာကတဆင့် ကံပေါက်ဒေသကကုန် တင်ကားတွေရပ်နားလေ့ရှိတဲ့ မော်လမြိုင်မြို့ရှိ ကားဂိတ်တစ်ခုက ဂိတ်မှူးကိုလည်း သက်ဆိုင်ရာဒေသစစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးပြီးနောက် ပြန်လွတ်လာပေမယ့် သူ့ရဲ့ဖုန်းကိုတော့ သိမ်းယူခဲ့တယ်လို့ ဖမ်းဆီးခံရသူနဲ့နီးစပ်သူက ပြောပြပါတယ်။
အခုလိုဖမ်းဆီးမှုတွေမလုပ်ခင် မနေ့က ညနေပိုင်းကလည်း ကံပေါက်ဒေသက နာရေးအခမ်းအနားတစ်ခုနဲ့ လူစည်ကားတဲ့နေရာတွေမှာ အရပ်သားတွေရဲ့ မျက်နှာတွေကို လိုက်စစ်ဆေးတာနဲ့ ဒေသတွင်းကင်းလှည့်တာတွေ စစ်ကောင်စီတပ်သားတွေက လုပ်ဆောင်နေခဲ့တယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့လ နောက်ဆုံးအပတ်ကလည်း ကံပေါက်ဒေသမှာ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားတဲ့အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီးခဲ့ပြီး တစ်ဦးကိုသာ ပြန်လွှတ်ပေးပြီး တစ်ဦးကိုဆက်လက်ဖမ်းထားဆဲ ဖြစ်ပါတယ်။