ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ စစ်ကောင်စီ၏ စခန်းသစ်ကုန်းစခန်းကို TNLA က အပြီး တိုက်ခိုက် သိမ်းပိုက် ရရှိပြီးနောက် နမ့်ခမ်းမြို့တွင် စစ်တပ်စခန်း တစ်ခုမှ မရှိတော့ဘဲ နမ့်ခမ်းမြို့ကို TNLA က အပြည့်အ၀ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း TNLA ၏ ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီ၏ စခန်းသစ်ကုန်းကို TNLA က သိမ်းပိုက်ရရှိပြီးနောက် နမ့်ခမ်းမြို့တွင် TNLA က ၎င်းတို့ တပ်၏ အလံကို လွှင့်ထူထားကြောင်း၊ နမ့်ခမ်းမြို့လယ် အပါအဝင် မြို့အဝင်အထွက်၊ စစ်တပ် စခန်းနေရာဟောင်းများတွင် TNLA စစ်သားများက လုံခြုံရေး ယူထားကြကြောင်း၊ မြို့လယ်တွင် TNLA အလံကို လွှင့်ထူထားကြောင်း သိရှိရသည်။