စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့သိမ်းတိုက်ပွဲစတင်သည့် နိုဝင်ဘာ၈ရက်မှ ယမန်နေ့(ဒီဇင်ဘာ ၁၉ရက်) အထိ ၄၁ရက်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့မှု အကြိမ်ရေ (၁၅၀)ကျော်ရှိလာပြီဟု တော်လှန်ရေးအင်အားစုများက ယနေ့ သတင်းထုတ်ပြန်သည်။
မြစ်ကြီနားလေဆိပ်၊ တံတားဦးလေဆိပ်နှင့် မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တို့မှဂျက်ဖိုက်တာများ၊ Mi-35 ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု Tigying Revolution -TR က အသိပေးထုတ်ပြန်သည်။
ထို့အပြင် မုံရွာ(နမခ)မှ MI-17 ထောက်ပို့ ရဟတ် ယာဉ်၊MI-2 ရဟတ်ယာဉ်များဖြင့် ခြောက်ကြိမ်ထက်မနည်း မြတောင်ရွာဘက်နှင့် နီကယ်စက်ရုံများအတွင်းသို့ ကျည်၊လက်နက် ရိက္ခာများပို့ဆောင်ထားသည်ဟု အသိပေးထားသည်။
အများဆုံးအသုံးပြုခဲ့သော ဂျက်ဖိုက်တာများ အနေဖြင့် YAK 130၊K8W၊A5 အမျိုးအစားများကို အသုံးပြုခဲ့သည်ဟု ဆိုသည်။
ထီးချိုင့်မြို့တွင် မြို့ပေါ်ရပ်ကွက် ငါးခုရှိပြီး ယင်းရပ်ကွက်များအပြင် ဘေးပတ်ဝန်းကျင်ကျေးရွာများကိုလည်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများ၏ နေအိမ်အများအပြား ပျက်စီးသွားပြီဟု ဒေသခံများကပြောသည်။
ထီးချိုင့်မြို့တွင် ယမန်နေ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ပေါင် ၅၀၀ဗုံး နှစ်လုံးအပါအဝင် ဂျက်ဖိုက်တာ ခြောက်စင်းဖြင့် ဗုံး ၁၂လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူကာကွယ်ရေးထောက်ပို့ရဲဘော်များက ပြောသည်။
ထီးချိုင့်မြို့ရှိ စစ်ကောင်စီစခန်းများကို KIA၊AA၊ABSDF နှင့် PDF တပ်ဖွဲ့များက ပြီးခဲ့သည့်နိုဝင်ဘာ ၈ရက်မှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်သည်။
ဒေသခံများမှာလည်း အနီးဝန်းကျင်ရွာများနှင့် မြို့အချို့၌ သွားရောက်တိမ်းရှောင်နေရသည်။
စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ ၊ မြသိန်းတန်တောင်ပေါ် စခန်း၌ ဘန်ကာအခိုင်အမာတည်ဆောက်၍ တပ်စွဲထားပြီး ဘန်ကာအတွင်းမှ မထွက်တော့ဘဲ လေကြောင်းမှသာ နေ့စဉ်လာရောက်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၁၅ရက်က တိုက်ပွဲတွင် စစ်ကောင်စီက ဓာတုလက်နက် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး -ABSDFက သတင်းထုတ်ပြန်ထားသည်။