ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းကျေးရွာမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၉ ရက် ညနေ ၅ နာရီခန့်မှာ ဘာဘူကုန်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့က ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ရာ သူဌေးကုန်းကျေးရွာအရှေ့ပိုင်းနေ ဒေါ်ညိုရဲ့ နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
“အိမ်က ထရံကာ ဖက်မိုးအိမ်ဆိုတော့ လက်နက်ကြီးက အိမ်ပေါ်ကျလို့ အိမ်ထဲရှိနေတဲ့သူတွေထိသွားတာ။ သမီးနဲ့အမေနဲ့ သေတယ်။ မြေးက ဒဏ်ရာရတယ်”လို့ ဒေသခံတဦးကပြောပါတယ်။
လက်နက်ကြီးထိလို့ အသက် ၆၅ နှစ်အရွယ် ဒေါ်ညိုဟာ ရရှိဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားပြီး
သမီးဖြစ်သူ မေအိအိမော်ကတော့ ကျောက်တံခါးဆေးရုံရောက်မှ သေဆုံးခဲ့ကာ မြေးဖြစ်သူ မောင်ဟိန်းသူအောင် ၃ နှစ်မှာလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာတော့ ဒီတိုက်ခိုက်မှုဟာ PDF တွေဘက်က ဒရုန်းနဲ့ဗုံးကြဲချတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၁၃ ရက် ည ၇ နာရီခန့်မှာလည်း ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တလုံးက ကျောက်တံခါးမြို့နယ်၊ အလှိုင်ကျေးရွာထဲကိုကျပြီး အမျိုးသား ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။